Sunday, July 22, 2012

ကျွန်တော်လူပြန်တော်

ဒုလ္လဘတရား ငါးပါးထဲမှာ “ပဗ္ဗဇိတဘာဝေါ ဒုလ္လဘော - ရဟန်းအဖြစ်ဟာ ရခဲခြင်း" ဆိုပြီးတော့ မြတ်စွာဘုရား ဟောကြားတော်မူထားပါတယ်။ ရခဲလွန်းလို့ မြတ်စွာဘုရားတောင်မှ လေးအသင်္ချေနဲ့ ကမ္ဘာတသိန်း ပါရမီဖြည့်ကျင့်ခဲ့တဲ့ ကာလတလျှောက် ရဟန်းဘ၀ကို ကိုးကြိမ်လောက်ပဲ ရခဲ့တယ်လို့ ကျမ်းဂန်တွေမှာ ဆိုထားပါတယ်။ ဒါတွေကို ကျွန်တော်မသိမဟုတ်၊ သိပါတယ်။

သို့သော်ငြားလည်း ပါရမီကုန်သွားတယ်လို့ပဲ ပြောရမှာပါ။ ကိုရင်ဘ၀နဲ့ ၉  ၀ါ၊ ရဟန်းဘ၀နဲ့ ၂၁ ၀ါ၊ စုစုပေါင်း အနှစ်သုံးဆယ်ကျော် သာသနာ့ဘောင်မှာ ဘ၀ကိုမြှုပ်နှံထားပြီးကာမှ ထွက်လိုက်ရတာကတော့ ကျွန်တော့် ဘ၀ကို ကျွန်တော်မနှမြောလို့တော့ မဟုတ်ပါ။ သိတဲ့လူတွေအားလုံးက မိဘကအစ နှမြောစရာကွယ်လို့
ပြောကြပေမယ့် သူတို့နှမြောတာထက် ကျွန်တော့်ကိုယ်ကျွန်တော် နှမြောတာက အဆများစွာပိုပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဘ၀တခုနဲ့ရင်းပြီး ဆုံးဖြတ်လိုက်ရတာမို့ပါ။ ထွက်တဲ့နေ့တုန်းကဆို ယောက်ျားတန်မဲ့ မျက်ရည်ကျခဲ့ရတာပါ။

ဘာကြောင့်ထွက်ရတာလဲလို့မေးရင် တကယ်ပဲပါရမီကုန်သွားလို့ပါ။ အပေါ်မှာပြောခဲ့တဲ့ ဒုလ္လဘတရား ငါးပါးထဲမှာပဲ "ဒုလ္လဘာ သဒ္ဓါသမ္ပတ္တိ - သဒ္ဓါတရားနဲ့ပြည့်စုံဘို့ခဲယဉ်းတယ်" လို့ဟောထားပြန်တဲ့အတွက် ရခဲလှတဲ့ ရဟန်းဘ၀အဖြစ်နဲ့ ဆက်လက်နေထိုင်သွားဘို့ သဒ္ဓါတရားရှိဘို့ကလည်း တကယ်မလွယ်ပါဘူး။

လူတွေအမြင်မှာတော့ ဘုန်းကြီးဘ၀ဟာ အေးချမ်းတယ်၊ အနေအစားလွယ်တယ်လို့ အပြင်ပန်းမြင်ကြတယ်။  နေနိုင်သူအတွက်ကတော့ တကယ်ပဲအေးချမ်းပြီး အမှန်တကယ်ပဲ အနေအစားလွယ်ပါတယ်။ မနေနိုင်သူ အတွက်ကတော့ သူများတွေပေးလှူလို့ လွယ်လွယ်ကူကူရလာတဲ့ စားဦးစားဖျားကိုစားရတာဟာ ရဲရဲနီနေတဲ့ သံတွေခဲကို စားသုံးနေရသလို၊ ဒီအတိုင်းကြိတ်မှိတ်ပြီးဆက်နေသွားလို့ အပြစ်တွေကျူးလွန်နေရင် သံသရာမှာ နစ်မွန်းဖို့ပဲရှိပါတော့တယ်။ အပြစ်ဗလပွနဲ့နေနေတဲ့ရဟန်းတပါးအနေနဲ့ လူဒါယကာတွေက လက်အုပ်ချီအရိုအသေပေးလာရင် လူတွေရဲ့လက်ဆယ်ချောင်းဟာ လှံဆယ်ချောင်းနဲ့ အလားသဏ္ဌာန် တူတယ်လို့ ငယ်စဉ်ကတည်းက ဆရာသမားတွေဆုံးမခဲ့ကြတာပါ။ ဒီအဆုံးအမဟာ ကျွန်တော့်ရင်ထဲမှာ သံမှိုစွဲသလို စွဲကပ်နေခဲ့ပါတယ်။

ဆရာသမားရဲ့ နောက်ထပ်အဆုံးအမတခုရှိပါသေးတယ်။ ရဟန်းတွေအပြစ်ကျူးလွန်တာက လူတွေအပြစ် ကျူးလွန်တာထက်ပိုအထိနာပါတယ်။ ဘာလို့လဲဆိုတော့ လူတွေအပြစ်ကျူးလွန်တာက သူ့ထမင်းသူစားပြီး ကျူးလွန်တာဖြစ်လို့ပါပဲ။ ရဟန်းတွေကတော သူများတွေချွေးနဲစာကို သဒ္ဓါတရားနဲ့ ပေးလှူထားတဲ့ စားဦး စားဖျားတွေကို စားပြီးအပြစ်ကျူးလွန်လို့ပါပဲ။ အနိမ့်ကကျတာထက် အမြင့်ကကျတာက ပိုအထိနာပါတယ်။ ဒါကြောင့်ပဲ စာသင်သားဘ၀ စာသင်တိုက်မှာနေတော့ ဆရာတော်ကအမြဲပြောလေ့ရှိတယ်၊ မနေနိုင်ရင် ထွက်ပါတဲ့။ ဘယ်သူနဲ့မှလဲစာချုပ်ချုပ်ထားတာမဟုတ်တဲ့အတွက် မနေနိုင်တဲ့တနေ့မှာ သတ္တိရှိရှိ ထွက်ပြီး ဘ၀ကိုရင်ဆိုင်ပါ။ ရိုးသားကြိုးစားတဲ့လူတယောက်အတွက် မဆင်းရဲနိုင်ပါဘူးလို့ ဆရာသမားက အမြဲတစေ ဆိုဆုံးမခဲ့တာပါ။ မနေနိုင်ဘဲ ကြိတ်မှိတ်နေပြီး အပြစ်တွေကျူးလွန်နေရင် သာသနာ့တာဝန်ကို ထမ်းရွက်နေ တာမဟုတ်ဘဲ သာသနာတော်က ကိုယ့်ရဲ့ဝန်ကို ထမ်းနေရတာဖြစ်လို့ အပြစ်ကြီးလှပါတယ်လို့ ဆုံးမခဲ့ကြ ပါတယ်။

ကျွန်တော် အသက် ၅ နှစ်အရွယ်မှာ ဘုန်းကြီးကျောင်းသားဘ၀နဲ့ ဘုန်းကြီးကျောင်းကိုရောက်ပါတယ်။ ၉  နှစ်အရွယ်မှာ ကိုရင်ဝတ်တော့ မိဘဆွေမျိုးတွေက ကိုရင် ဘယ်နှစ်ဝါနေမလဲမေးတော့ ပျော်သလောက်ပေါ့ လို့ပြောတယ်။ အဲဒီမှာသူတို့က အဖေအတွက် ၁ ၀ါ၊ အမေအတွက် ၁ ၀ါ၊ အဘိုးအဘွားတွေအတွက် ၁ ၀ါစီ၊ အဒေါ်အပျိုကြီးလက်ပေါ်မှာ ကြီးခဲ့တာမို့လို့ အဒေါ်အတွက် ၁ ၀ါ၊ စုစုပေါင်း ၅ ၀ါပြည့်အောင်နေပေးပါလို့ ပျော် စေပျက်စေ သဘောမျိုးနဲ့ပြောကြတော့၊ ကောင်းပြီ ကျွန်တော် ၅ ၀ါပြည့်အောင်နေပေးမယ်၊ ၅ ၀ါပြည့်ရင် ထွက်မယ်လို့ပြောတော့ သူတို့ကလဲအိုကေပေါ့။ ၅ ၀ါပြည့်တော့ ထွက်မယ်လုပ်တော့ ဆရာဘုန်းကြီးက အိမ်ကပို့လာတဲ့ အ၀တ်အစားတွေကို သိမ်းလိုက်လို့ မထွက်ဖြစ်တော့ဘူး။

နောက်ပိုင်းစာသင်တိုက်ရောက်ပြီးတော့ အဆိုတော်အောင်ရင်တို့နဲ့ ဆက်စပ်မိတယ်။ ကိုအောင်ရင်ရဲ့အမေ က ပစ္စည်းလေးပါး ဒကာခံပြီး ရဟန်းခံပေးတယ်။ ကျွန်တော်နဲ့အတူ ကျွန်တော့်သူငယ်ချင်း တခြားကိုရင် တပါးကိုလဲ ကိုအောင်ရင်တို့က ရဟန်းခံပေးတယ်။  အဲဒီကိုယ်တော်ကတော့ ၁ ၀ါလား ၂ ၀ါလားမမှတ်မိ
တော့ဘူး။ စောစောစီးစီးပါရမီကုန်လို့ စောစောစီးစီး လူထွက်သွားတယ်။ ကျွန်တော်လဲ ရဟန်း ၅ ၀ါလောက် ရတော့ လူထွက်ဘို့ကြံလာတယ်။ အဲဒီအချိန်မှာ ကိုအောင်ရင့်အမေ ရဟန်းဒကာမကြီးရဲ့ငွေကြေး အထောက်အပံ့နဲ့ နိုင်ငံခြားပညာသင်ထွက်ဖြစ်ခဲ့တယ်။

ကျွန်တော်အသက် ၃၁ နှစ်မှာ ဒေါက်တာဘွဲ့ရပါတယ်။ ဒေါက်တာဘွဲ့ရပြီးတဲ့နောက် ထောက်ထားစရာမျက် နှာတွေက များလွန်းတော့ မထွက်ဖြစ်ဘဲအတော်ကြာကြာ ရဟန်းဘ၀နဲ့နေခဲ့ပါသေးတယ်။ အခုတော့ ပါရမီ တကယ်ကိုကုန်သွားပြီဖြစ်လို့ ကြိတ်မှိတ်ပြီးဆက်မနေသင့်တော့ဘူးလို့ ကျွန်တော်ကိုယ်ရောစိတ်ရော နားလည်ပြီး ထွက်လိုက်ရတာပါ။ လနဲ့ချီအခေါက်ခေါက်အခါခါ စဉ်းစားပြီးတော့မှ ဆုံးဖြတ်လိုက်တာပါ။ အခုတော့ ကျွန်တော် လူပြန်တော်ဖြစ်သွားပါပြီ။ ကျေးဇူးရှင်ရဟန်းဒကာမကြီး မိသားစုတွေအနေနဲ့ ကျွန်တော့်အဖြစ်ကို သိရတဲ့အချိန်မှာ အတော်ပဲအံ့သြမိသလို အတော်လဲ ၀မ်းနည်းကြမယ်ဆိုတာကို ခန့်မှန်းမိပါတယ်။ သို့ပေမယ့် ကျွန်တော်အထက်မှာ ရှင်းခဲ့သလို မနေနိုင်တော့ဘဲ ကြိတ်မှိတ်နေပြီး အပြစ်
တွေလွန်ကျူးနေတာထက် လူထွက်ပြီးလူ့ဝတ်ကြောင်ဘ၀နဲ့ ငါးပါးသီလစောင့်ထိန်းနေတာက ပိုအကျိုး များမယ်ဆိုတာကို တွက်ဆပြီး ကျွန်တော့်ကို နားလည်ပေးနိုင်ကြလိမ့် မယ်လို့ မျှော်လင့်မိပါတယ်။

Tuesday, July 3, 2012

မြန်မာလား၊ ဗမာလားနဲ့ တိုင်းရင်းသား ပြဿနာ
ငြိမ်းချမ်းအေး
(ဧရာဝတီမှ)
ရွေးကောက်ပွဲ ကော်မရှင်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို သတိပေးတဲ့ သတင်းနဲ့အတူ အခုဖြစ်ပေါ်နေတဲ့ နိုင်ငံအခေါ်အဝေါ် ဝေါဟာရ အငြင်းပွားမှုမှာ နိုင်ငံရေးသဘော အဓိက အလေးနက်ထား စဥ်းစားရမယ့် အချက်က တိုင်းပြည်မှာ ဆယ်စုနှစ်များစွာ စွဲကပ်နေတဲ့ တိုင်းရင်းသား ပြဿနာနဲ့ သက်ဆိုင်တယ်။ အကြောင်းက နိုင်ငံကို ခေါ်ဝေါ် ညွှန်းဆိုတဲ့ အင်္ဂလိပ် မြန်မာ မူကွဲနှစ်မျိုးစလုံး၊ “မြန်မာ (Myanmar) နဲ့ ဗမာ (Burma)” ဟာ နိုင်ငံမှာ ရှေး ဓားမဦးချ အခြေချ မှီတင်းနေထိုင်နေတဲ့၊ မြန်မာ မဟုတ်တဲ့ တခြား တိုင်းရင်းသား လူမျိုးစုအားလုံးကို ကိုယ်စားပြု ဖောေ်ဆာင်နိုင်မှု အားနည်းနေလို့ဖြစ်တယ်။

လွတ်လပ်ရေးခေတ်ဦး ပါလီမန် ဒီမိုကရေစီခေတ်၊ စစ်တပ်ကြီးစိုးတဲ့ တော်လှန်ရေးကောင်စီ၊ မဆလ တပါတီ အာဏာရှင် ခေတ်တွေမှာ ခေါ်ဝေါ်ခဲ့တဲ့ နိုင်ငံနာမည် မြန်မာလို “မြန်မာ” အင်္ဂလိပ်လို “Burma” နဲ့ နဝတ၊ နအဖ စစ်အစိုးရခေတ် လက်ရှိအချိန်အထိ ကျင့်သုံးတဲ့ မြန်မာလို “မြန်မာ”၊ အင်္ဂလိပ်လို “Myanmar” နှစ်ခုစလုံးဟာ နိုင်ငံမှာရှိတဲ့ မြန်မာလူမျိုး တမျိုးတည်း ကိုသာ အဓိက ညွှန်းဆိုနိုင်တဲ့အတွက် ပဒေသရာဇ် ခေတ်လို အင်အားကြီး၊ အရေအတွက်များသူ ဦးဆောင် ချယ်လှယ်စတမ်း လူမျိုးကြီးဝါဒ သဘော၊ တိုင်းပြည်ကို မြန်မာလူမျိုး တစုတည်းကသာ ပိုင်သလို ဖြစ်နေလို့ ဖြစ်တယ်။

မူကွဲ နှစ်ခုစလုံးရဲ့ နိုင်ငံနာမည် မြန်မာလိုအခါ် “မြန်မာ” ဟာ မြန်မာ မဟုတ်တဲ့ တိုင်းရင်းသား အားလုံးနဲ့ သမိုင်း အစဉ်အဆက် ဘယ်လိုမှ ဆက်နွှယ်မှု မရှိခဲ့ဘူး။ ဗြိတိသျှ ကိုလိုနီ မဖြစ်ခင်အထိ နိုင်ငံနယ်နိမိတ် အတွင်း နေထိုင်နေတဲ့ မြန်မာ အပါအဝင် တိုင်းရင်းသား တွေဟာ အပြန်အလှန် ပဒေသရာဇ်ခေတ် အင်ပါယာ ချဲ့ထွင်မှုသဘောအရ အတူယှဉ်တွဲနေထိုင်ရတဲ့ ကာလတွေ ရှိသော်ငြားလည်း တကယ့် သဘောအနေနဲ့က သီးသန့် ပဒေသရာဇ် နိုင်ငံလေးများ အသွင်၊ ကိုယ့်ထီး ကိုယ့်နန်း နဲ့ နေခဲ့ကြတဲ့ အတွက် “မြန်မာနိုင်ငံ” ဆိုတဲ့ အခေါ်ဟာ တခြား တိုင်းရင်းသား အားလုံးနဲ့ ပတ်သက်စရာ အကြောင်းလည်း မရှိဘူး။ ဥပမာ -ပဒေသရာဇ်ခေတ် တလျှောက် မြန်မာက အင်အားသာတဲ့ အချိန်မှာ မွန်နိုင်ငံဟာ မြန်မာနိုင်ငံ လက်အောက်မှာ ရောက်နေပြီး မွန်အင်အားသာတဲ့ အခါမှာ မြန်မာနိုင်ငံဟာ မွန်နိုင်ငံလက်အောက်မှာ ရောက်နေခြင်း သဘောဖြစ်တယ်။

မြန်မာစကား အရေးနဲ့အပြော နှစ်ခုစလုံးမှာ မြန်မာလူမျိုးကို ခေါ်တဲ့ အခေါ်အဝေါ်ဟာ “မြန်မာ” နဲ့ “ဗမာ” ဆိုပြီး နှစ်မျိုးစလုံး ရော ရောနေတယ်။ ယေဘုယျ အားဖြင့် “မြန်မာ” ကို အရေးမှာ သုံးလေ့ရှိပြီး အပြောမှာတော့ “ဗမာ” လို့ သုံးကြတယ်။ ဒါဟာ တခြားသော အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ ဘာသာစကား များမှာလည်း တွေ့နိုင်တဲ့ အရေးနဲ့ အဖတ် အဓိပ္ပာယ်တူ စကားလုံးတချို့ ကွဲနေခြင်း ဖြစ်တယ်။ မြန်မာ စာပေ ပေါ်ထွန်းချိန်ကစပြီး လူမျိုးအခေါ် “မြန်မာ” “ဗမာ” အသုံးဟာ ရောထွေးနေတယ်၊ နှစ်မျိုးစလုံးကို လူမျိုးအမည်နဲ့ သုံးတဲ့ အထောက်အထားတွေ ရှိခဲ့တယ်။ သို့သော် “မြန်မာ” က မူလ ဖြစ်တယ်။

ခုအခေါ် မြန်မာ (ဗမာ) ဖြစ်လာမယ့် သူတွေဟာ လက်ရှိနိုင်ငံ နယ်နိမိတ် အရှေ့ဘက် တောင်ပေါ်ဒေသကနေ အလယ်ပိုင်း မြေပြန့်ကို ၉ ရာစုမှာ ဝင်တယ်၊ ပုဂံမှာ အခြေပြုတယ်။ သူတို့ကို မြေပြန့်မှာ ရှေးဦး ရှိနေပြီး ဖြစ်တဲ့ မွန်တွေက “မရမာ၊ မိုင်းရ်မာ” (Mirma/Mranma) လို့ ခေါ်တယ်။ ဒီအချက် ကို လက်ရှိအချိန်အထိ ကျန်ရှိနေသေးတဲ့ အထဲမှ ရှေးအကျဆုံး မွန်ဘာသာနဲ့ ရေးထားတဲ့ မွန်ကျောက်စာ (၁၁၀၂) မှာ တွေ့နိုင်တယ်။ ရှေး မြန်မာတွေ အလယ်ပိုင်းကို အခြေချ နေထိုင်ပြီးနောက် ပျူ၊ မွန်ေတွ ဆီကတဆင့် အိန္ဒိယ အက္ခရာကို အခြေခံတဲ့ စာပေကို ရလို့ သူတို့ကိုယ်တိုင် မှတ်တမ်းတွေ ရေးလာ နိုင်ရာမှာလည်း သူတို့လူမျိုးနာမည်ကို မွန်တွေ ခေါ်တဲ့နာမည်အတိုင်းပဲ သုံးတယ်။ ဒါကို လက်ရှိ ရှာဖွေတွေ့ရှိလို့ရတဲ့ အထဲက နာမည် အခေါ်နဲ့ သက်ဆိုင်တဲ့ ရှေးအကျဆုံး မြန်မာဘာသာနဲ့ ရေးထိုးထားတဲ့ မြန်မာကျောက်စာ (၁၁၉၀) မှာ
တွေ့နိုင်တယ်။

နောက်ပိုင်း မြန်မာဘာသာ စကားမှာ “ရ (Ra)” သံ ထည့်ရွတ်တာ ပျောက်ကွယ်သွားတဲ့ အတွက် “မရမာ၊ မိုင်းရ်မာ” (Mirma/Mranma) ကနေ “မြမ္မာ၊ မြန်မာ” (Myanmar) ဆိုပြီး လက်ရှိသိတဲ့ လူမျိုးနာမည် “မြန်မာ” အဖြစ် ပြောင်းသွားတယ်။ (စကားချပ် – မြန်မာ စကားနဲ့ ဘာသဗေဒ သဘောတူတဲ့ ရခိုင်၊ ထားဝယ်နဲ့ ယော လူမျိုးတွေရဲ့ အသုံးမှာ မျက်ေမှာက် ခေတ်အထိ “ရ (Ra )” သံ ထည့်ရွက်နေဆဲဆိုတာ သတိပြုပါ)

ရှေးမြန်မာတွေဟာ ပျူ၊ မွန်၊ အိန္ဒိယ တို့ဆီက ယဉ်ကျေးမှု၊ စာပေ တင်သာမက ကိုးကွယ်ယုံကြည်မှု ဘာသာတရားပါ ရရှိခဲ့တဲ့အတွက် ကိုးကွယ်ယုံကြည်မှုနဲ့ ဆက်နွှယ်တဲ့ “ဗြဟ္မာ” က ဆင်းသက်တဲ့ သဘော “ဗြဟ္မာ” လူမျိုး၊ တဆင့် “ဗမာ” လူမျိုး ဆိုပြီး လူမျိုး နာမည် အသစ် မူကွဲ တမျိုးအနေနဲ့လည်း ထပ်ပေါ်လာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လောလောဆယ် တွေ့ရှိရတဲ့ သမိုင်း
ကျောက်စာ အထောက်အထား၊ သုတေသန အရ စဝင်လာခဲ့တဲ့ အချိန်မှာ သူတို့ကို အထက်မှာ ဆိုခဲ့သလို “မြန်မာ” လို့သာ ခေါ်တဲ့အတွက် လူမျိုးနာမည် အနေနဲ့ “မြန်မာ” က မူလ၊ “ဗမာ” က ဆင့်ပွားဖြစ်တယ်ဆိုတာ ထင်ရှားတယ်။

ရှေးမြန်မာတွေ မြေပြန့်ကို စဝင်လာတဲ့အချိန်မှာ နိုင်ငံမရှိသေးဘူး ဆိုတာကို သတိပြုစေချင်တယ်။
နောက်ပိုင်း အင်အား ကြီးမားလာပြီး ပုဂံ ပဒေသရာဇ် လက်နက် နိုင်ငံတော် အင်ပါယာကို ချဲ့ထွင်ရင်းနဲ့ ပုဂံလက်နက် နိုင်ငံတော်ကြီး၊ တနည်း အားဖြင့် ပထမ မြန်မာနိုင်ငံတော် ပေါ်လာတယ်။

ကျန်ရှိနေသေးတဲ့ ကျောက်စာ မှတ်တမ်းတွေအရ နိုင်ငံကို “မြန်မာပြည်” လို့ တိုက်ရိုက်တပ်ခေါ်တာကို နရပတိစည်သူ/ ဒုတိယ စည်သူ (၁၁၆၅-၁၂၁၁) ရဲ့ မြေး၊ ဇေယျသိင်္ခ ခေါ် နားတောင်းများမင်း (ထီးလိုမင်းလိုမင်း) ရဲ့သား၊ ကျစွာမင်း (၁၂၃၄-၁၂၅၀) လက်ထက်က မြန်မာဘာသာနဲ့ ရေးထိုးတဲ့ ကျောက်စာ မှတ်တမ်း (တွဲလျက် ဓာတ်ပုံပါ) မှာ အထင်အရှား
တွေ့နိုင်တယ်။

နောက်ပိုင်း ခေတ်တွေမှာလည်း နိုင်ငံနာမည်ကို ဒီသဘောမျိုးပဲ ခေါ်ခဲ့တယ်။ ဥပမာ – ကုန်းဘောင်မင်းဆက် မင်းတုန်းမင်း (၁၈၀၈-၁၈၇၈) က သူဟာ မြန်မာလူမျိုးတို့ရဲ့ ဘုရင်ဆိုပြီး ညွှန်းဆိုခဲ့တယ်။ ဒါပေမယ့် သူ့မင်းဆက် မြန်မာကုန်းဘောင် အင်ပါယာဟာ မြန်မာလူမျိုး တမျိုးတည်း နေထိုင်တဲ့ နေရာတွေထက် ကျော်လွန်ပြီးဖြစ်တဲ့ အတွက် ဒီအခေါ်ဟာ တခြား တိုင်းရင်းသား လူမျိုးစုတွေရဲ့ အခွင့်အရေးကို ထိခိုက်တဲ့ မြန်မာလူမျိုးကြီးဝါဒ သဘော ပဒေသရာဇ်အခေါ် သက်သက်သာ ဖြစ်တယ်။ အဲဒီခေတ်အခြေအနေ၊ စနစ်နဲ့ အတွေးအခေါ် အရ နိုင်ငံနာမည်ကို လူအများစု အခြေပြုတဲ့ “မြန်မာ” ဆိုပြီး တပ်ခေါ်ခဲ့ ခြင်းဟာ မျက်မှောက်ခေတ်လို တိုင်းရင်းသား လူမျိုးစုအားလုံး မူရင်း ရရှိခဲ့တဲ့ အခွင့်အရေးတွေ အတိုင်း တန်းတူ သာတူညီမျှ ဖြစ်အောင် ကြိုးစားနေတဲ့ အချိန်မှာ လုံးလုံး မသင့်လျော်တော့ပါ။

ဒါကြောင့် ဌာနေတိုင်းရင်းသား အားလုံးဖြစ်တဲ့၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း၊ ပအို့ဝ်၊ ကရင်၊ ကချင်၊ ချင်း အစရှိတဲ့ သူတွေနဲ့ နိုင်ငံခြားကနေ လာရောက် အခြေချနေထိုင်သူ တရုတ်၊ အိန္ဒိယ စတဲ့ လူမျိုးစုံ ပူးပေါင်းပါဝင်ခဲ့တဲ့ ကိုလိုနီကျွန်ဘဝ လွတ်ေမြာက်ေရး ကြိုးပမ်းမှုခေတ်မှာ သခင်ဘသောင်း (၁၉၀၂-၁၉၈၀) ဦးဆောင်တဲ့ လူမျိုးစုံ ပါဝင်တဲ့ သခင်ကြီးတွေရဲ့ “ဒို့ဗမာ အစည်းအရုံးကြီး” က တနိုင်လုံးမှာ ရှိတဲ့ လူမျိုးအသီးသီးရဲ့ အမျိုးသားရေးစိတ် နိုးကြားလာစေဖို့ နှိုးဆော်ရာမှာ ဒီနိုင်ငံဟာ “မြန်မာ” နိုင်ငံမဟုတ်၊ “မြန်မာ” တမျိုးတည်း မပိုင်၊ “မြန်မာ” အပါအဝင် တိုင်းရင်းသား အားလုံးနဲ့ လူနည်းစု လူမျိုးစုများ ပိုင်တဲ့ နိုင်ငံဖြစ်တဲ့ အတွက် “ဗမာ” နိုင်ငံ လို့သာ ခေါ်ဆိုရမယ် ဆိုပြီး “ဒို့ဗမာအစည်းအရုံး ကြေညာစာတမ်း” မှာ အတိအလင်း ရေးသား ဖော်ပြခဲ့တယ်။

အဖွဲ့အစည်း နာမည်ကိုလည်း အားလုံးကို ကိုယ်စားပြုနိုင်တဲ့ သဘော “ဒို့ဗမာ အစည်းအရုံး” လို့သာ ပေးခဲ့ပြီး “ဒို့မြန်မာ အစည်းအရုံး” လို့ မခေါ်တွင်စေခဲ့ဘူး။ ဒါဟာ မြန်မာအပါဝင် တခြား လူမျိုးစုတွေ မှီတင်းနေထိုင်နေတဲ့ နိုင်ငံရဲ့ နာမည်ကို သမိုင်းအထောက်အထားနဲ့ ဘာသာဗေဒ သဘောအရလည်း ဆီလျော်ပြီး မြန်မာ လူမျိုးနာမည် အစမူလ ဖြစ်တဲ့ “မြန်မာ” ကို မသုံးဘဲ ဆင့်ပွားမူ “ဗမာ” ကိုသာ “ဒို့ဗမာအစည်းအရုံးကြီး” က သုံးဖို့ ညွှန်းဆိုခဲ့ခြင်း၊ တကယ် သုံးခဲ့ခြင်းဟာ မြန်မာ မဟုတ်တဲ့ အခြားလူမျိုးစုများ အတွက်လည်း ခေတ်အခြေအနေအရ ကျေနပ်လက်ခံစရာ ဖြစ်ခဲ့ရတယ်။ “ဒို့ဗမာ အစည်းအရုံး” က မွေးထုတ်လိုက်တဲ့ အမည်နာမကို သုံးတယ်။ ဂျပန်ခေတ် နိုင်ငံရဲ့ တရားဝင် နာမည်ဟာ “ဗမာနိုင်ငံတော်” ဖြစ်ခဲ့တယ်။

တကယ် ဗြိတိသျှ ကိုလိုနီ ဘဝကနေ လွတ်မြောက်လာပြီး အပြည့်အဝ လွတ်လပ်ရေး ယူတဲ့ အချိန်မှာတော့ “ဒို့ဗမာ အစည်းအရုံး” ခေတ်က တည်ဆောက်ထားနိုင်ခဲ့တဲ့ မြန်မာနဲ့ တခြား တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်၊ သာတူညီမျှ၊ ဥမကွဲ သိုက်မပျက် စိတ်ဓာတ်နဲ့ အနှစ်သဘောတွေဟာ နယ်ချဲ့ရဲ့ သွေးထိုးမှု၊ ဘက်နှစ်ဘက် စလုံးရဲ့ လူမျိုးရေး သူငယ်နာ မစင်မှုနဲ့ နိုင်ငံရေး သဘောတွေကြောင့် မှေးမှိန်လာခဲ့တယ်။ လွတ်လပ်တဲ့ နိုင်ငံရဲ့ အခြေခံ အုတ်မြစ်ဖြစ်တဲ့ ပထမဆုံး ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ (၁၉၄၇) မှာ ကိုက ပြည်ထောင်စု စစ်စစ် မူ မျှတတဲ့ ပြည်နယ်၊ အာဏာ၊ ခွဲဝေမှု အုပ်ချုပ်ေရး သဘော နဲ့ အကြိုသဘော တူညီထားခဲ့တဲ့ ပင်လုံ ကတိကဝတ် တွေကို အပြည့်အဝ မဖော်ဆောင်နိုင် ဖြစ်ခဲ့ရပြီး ရှေးယခင် ပဒေသရာဇ် ခေတ်မှာက တည်းက အပြန်အလှန် အင်ပါယာ ချဲ့ထွင်မှုကြောင့် အရင်းတည်ခဲ့တဲ့ လူမျိုးစုချင်း မယုံကြည်နိုင်မှု သံသယနဲ့ အမုန်းဟာ ပြန်လည် အသက်ဝင် လာခဲ့တယ်။ (စကားချပ် – အပြန်အလှန် ဆိုတဲ့ သဘောဟာ မွန်နဲ့ မြန်မာကြားသာ ဖြစ်တယ်၊ မြန်မာနဲ့ တခြား လူမျိုးစုများကြားမှာက များသောအားဖြင့် မြန်မာကသာ အင်အားကြီးတဲ့ အချိန်တွေမှာ လူမျိုးစု ဒေသ ပဒေသရာဇ် မြို့ပြ နိုင်ငံငယ်တွေကို နယ်ချဲ့ပြီး အပြည့်အဝ သွားသိမ်းတယ်၊ ဒါမှမဟုတ် သြဇာခံ ပဏ္ဍာဆက် ခိုင်းတယ်၊ ဥပမာ – ရခိုင်နိုင်ငံ၊ ရှမ်းပြည်လို့ ခေါ်တဲ့ မောသျှမ်းနိုင်ငံ)

လွတ်လပ်ရေး ရရချင်းမှာ မြန်မာ အများစုနဲ့ ဖွဲ့စည်းထားတဲ့ အစိုးရနဲ့ တချို့ လူမျိုးစုတွေနဲ့လည်း စတင်ပြီး ပြည်တွင်းစစ်ပွဲ ဖြစ်ခဲ့တယ်။ ဥပမာ – ကရင်နဲ့။ ကရင်နဲ့က ဒုတိယကမ္ဘာစစ်အတွင်း ပထမအကြိမ် အင်္ဂလိပ် အဆုတ်မှာ ကတည်းက လူမျိုးရေး ပဋိပက္ခတွေ ရှိခဲ့တယ်။ တကယ် လွတ်လပ်ရေးရတဲ့ အချိန်မှာတော့ နှစ်ဘက် စလုံး လူမျိုးရေး အမြင်ကျဉ်းမြောင်း မှုတွေအပြင် အထက်က ဆိုခဲ့တဲ့ ပြည်ေထာင်စု စစ်စစ် မတည်ထောင်နိုင်ခြင်း သဘောတွေကြောင့် စစ်ပွဲ အသွင်အထိ ဖြစ်ခဲ့ရတယ်။ ဒီလို လွတ်လပ်ရေး ခေတ်ဦး ဝါဒရေးရာ စစ်ပွဲ၊ နိုင်ငံရေး၊ လူမျိုးရေးရာ သဘောဆောင်တဲ့ စစ်ပွဲတွေကြောင့် “တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန်” ဖြစ်နေတဲ့ကာလ၊ မြန်မာနဲ့ တခြား တိုင်းရင်းသားတွေအကြား နိုင်ငံရေး သဘောတူညီမှု အတွက် အပြည့်အဝ ညှိမရသေးတဲ့ အချိန်မှာ လူမျိုးကြီး ဝါဒ သဘောဆောင်တဲ့၊ အများစု မြန်မာတွေကိုသာ ကိုယ်စားပြုတဲ့ နိုင်ငံနာမည် “မြန်မာ” ဟာလည်း ပြန်လည် အသက်ဝင် လာခဲ့တယ်။

လွတ်လပ်တဲ့ နိုင်ငံရဲ့ ခေတ်ဦး ပါလီမန်ဒီမိုကရေစီ အစိုးရမှာ တိုင်းရင်းသားတွေလည်း အထိုက်အလျောက် နေရာရခဲ့တယ်။ အခြေခံဥပဒေ အရ နိုင်ငံ့အုပ်ချုပ်ေရးမှာ အာဏာ မရှိတဲ့ သမ္မတ ရာထူးတွေဟာ တိုင်းရင်းသားတွေချည်း ရခဲ့တယ်။ တိုင်းရင်းသား အခွင့်အရေးကို လေးစား တယ်လို့ ဆိုနိုင်ပေမယ့် အထက်မှာ ဆိုခဲ့သလို ရှုပ်ထွေးနေတဲ့ မွေးကင်းစ တိုင်းပြည်မှာ ပြည်ထောင်စု စစ်စစ် ပင်လုံ အနှစ်သာရဟာ အပြည့်အဝ မဖော်ဆောင်နိုင် ခဲ့တဲ့အပြင် လူမျိုးကြီးဝါဒ သဘောဆောင်တဲ့ တိုင်းရင်းသား လူမျိုးစုရဲ့ အာဏာနဲ့ လုပ်ပိုင်ခွင့်ကို ဝင်ရောက်ချယ်လှယ်တာ၊ တိုင်းပြည်ရဲ့ အရင်းအမြစ်တွေကို မျှမျှတတ မခွဲဝေတဲ့ သဘောတွေဟာ တဖြည်းဖြည်းနဲ့ အခြေ တည်လာခဲ့တယ်။ မြန်မာလူမျိုးကြီး ဝါဒဟာ ခေတ်ဦး ပါလီမန် ဒီမိုကရေစီ စနစ်မှာ အဓိက မကျင့်သုံး၊ မရှင်သန်ခဲပေ့မယ့် အာဏာရပါတီရဲ့ စစ်တပ်နဲ့ နီးစပ်တဲ့ အစိတ်အပိုင်း တချို့မှာတော့ အဲဒီ သဘောနဲ့ အတွေးအခေါ် တွေကို စတင်တွေ့ခဲ့ရတယ်။

တိုင်းပြည်ကို ချောက်ထဲ လုံးလုံး ကျစေခဲ့တဲ့ စစ်အာဏာရှင်စနစ် စတင်ကျင့်သုံးတဲ့ ကာလမှာတော့ စစ်အာဏာရှင် အဆက်ဆက်ဟာ လူအများစု ထောက်ခံမှုကို ရနိုင်ဖို့အတွက် အမျိုးသားရေး စိတ်ဓာတ်ကို အလွဲသုံးစားလုပ်ပြီး လူမျိုးကြီးဝါဒ အတွေးအခေါ်၊ သဘောတရား တွေကို စိတ်ကြိုက် ဖန်တီးထားတဲ့ စာပေ၊ ရုပ်ရှင်၊ သမိုင်း၊ ပညာရေးစနစ် စတဲ့ လူထု ဝါဒဖြန့်ချိရေး ကြားခံတွေမှာ အကြီးအကျယ် သွတ်သွင်းခဲ့တယ်။ ဒါကြောင့် တိုင်းရင်းသား ပြဿနာ ပိုမို အမြစ်တွယ်ပြီး ဖြေရှင်း မရ ဖြစ်ခဲ့မှုနဲ့ အတူ အကျိုးဆက် များစွာထဲက တခုကတော့ နိုင်ငံနဲ့ အများစု ရှိတဲ့ လူမျိုးရဲ့ နာမည် ဟာ မူရင်းနဲ့ ပြောင်းပြန် ဖြစ်ခဲ့ရတယ်။

နိုင်ငံကို “မြန်မာ”၊ လူမျိုးကို “ဗမာ” ဆိုပြီး နိုင်ငံကို “မြန်မာ” လူမျိုးသာ သီးသန့် ကိုယ်စားပြုတဲ့ နာမည် သုံးသလို၊ လူမျိုး နာမည်ကိုလည်း ဒုတိယမူကွဲ “ဗမာ” အဖြစ်သတ်မှတ်ခြင်းဖြင့် အမှန်တရားဟာ ပြောင်းပြန်လုပ်၊ လူမျိုးကြီး ဝါဒ ဇာတ်သွင်းခြင်း ခံခဲ့ရတယ်။ ဒါဟာ နိုင်ငံနာမည်နဲ့ လူမျိုးနာမည် မြန်မာလို အခေါ်ရဲ့ “အမှန်” “အမှား” သမိုင်းမှန်ပဲ ဖြစ်တယ်။

နိုင်ငံနာမည် အင်္ဂလိပ်လို အခေါ်ကို “Burma” ကနေ “Myanmar” လို့ ပြောင်းတာကတော့ ၁၉၈၉ နဝတ စစ်အစိုးရခေတ်မှာ ဖြစ်ခဲ့တယ်။ ရှစ်ေလးလုံး အရေးတော်ပုံကြီး အတွင်း ရှေ့တန်းက ဦးဆောင်ခဲ့တဲ့ ကျောင်းသားတွေ အကြား အဖွဲ့ တည်ထောင်မှု အကွဲ (ဗကသ/ မကသ အကွဲ) ကို ပိုမို သပ်လျှို သွေးထိုးလိုစိတ်နဲ့ အာဏာရှင်ဟောင်း ဦးနေဝင်း အမွေခံ ဗိုလ်ချုပ်ကြီးခင်ညွန့်က ပညာရှင်တွေ ပါတဲ့ ကော်မရှင် တခုဖွဲ့ပြီး ဇွတ်အတင်း ပြောင်းစေခဲ့တယ်။

ကော်မရှင်က နိုင်ငံ နာမည်ကို အင်္ဂလိပ်လို “Myanmar” လို့သာ ခေါ်သင့်ကြောင်း အခြေအမြစ်မရှိ၊ မခိုင်လုံတဲ့ အကြောင်းပြချက် ၃ ချက် ပေးခဲ့တယ်။ အဲဒီအထဲက မခိုင်လုံဆုံး အချက်ကတော့ မြန်မာလို နိုင်ငံနာမည် “မြန်မာ” ဟာ တိုင်းရင်းသား အားလုံးကို ကိုယ်စားပြုတယ်၊ ဒါကြောင့် အင်္ဂလိပ်လို မှာလည်း မြန်မာ အသံထွက်ကို တိုက်ရိုက် အင်္ဂလိပ် စာလုံး ပေါင်းတဲ့ “Myanmar” လို့ သုံးမယ်ဆိုတဲ့ အချက်ဖြစ်တယ်။ အဲဒီ အချက်ဟာ အထက်မှာ ရှင်းပြခဲ့တဲ့ မြန်မာလို “မြန်မာ” ရဲ့ အဓိပ္ပာယ်ဟာ တိုင်းရင်းသား အားလုံးကို ဘယ်လိုနည်းနဲ့မှ ကိုယ်စားမပြုနိုင်တဲ့ အတွက် အင်္ဂလိပ်လို “Myanmar” ဟာလည်း တိုင်းရင်းသားအားလုံးကို ညွှန်းဆိုနိုင်စရာ အကြောင်းမရှိပါ။

အစဉ်အဆက် နိုင်ငံနာမည်ကို “Burma” လို့ပဲ သုံးစွဲလာခဲ့တယ်။ ဗမာနိုင်ငံသား အားလုံးပါဝင်တဲ့ အဖွဲ့အစည်း တွေကိုလည်း အင်္ဂလိပ်လို “Burma” လို့ပဲ တပ်ခဲ့တယ်။ ဥပမာ – BIA၊ BDA သာဖြစ်တယ်၊ MIA၊ MDA မဟုတ်ပါ။ စစ်အစိုးရ တည်ထောင် ခဲ့တဲ့ “မဆလ” ပါတီ ကိုယ်တိုင်လည်း အင်္ဂလိပ် အမည်ကို “BSPP” ဆိုပြီး “Burma” နာမည် သုံးခဲ့တယ်။

နိုင်ငံနာမည် အင်္ဂလိပ်လို “Burma” ဟာ ကိုလိုနီ ဖြစ်ခဲ့ခြင်းက အစပြုခဲ့တယ်။ စကားလုံးရဲ့ မူရင်းနဲ့
ရှေ့ကွင်းဆက် သဘောကတော့ နိုင်ငံခြားတိုင်းပြည်က လူမျိုးတွေနဲ့ စတင်ထိစပ်တဲ့ အချိန်တွေ ကတည်းက ဖြစ်တယ်။ အိန္ဒိယမှာရှိတဲ့ လူမျိုးတွေက မြန်မာ ဗမာတွေကို ဗရမာ၊ ဗြဟ္မာ၊ စာကို ဘာရမီလို့ ခေါ်ကြတယ်။ ဒါဟာ မြန်မာ (ဗမာ) တွေ မိမိကိုယ်ကိုယ် ညွှန်းဆိုတဲ့ စကား (စာပေ မဟုတ်) အရ သူတို့နဲ့ နီးစပ်တဲ့ အသံထွက်နဲ့ ခေါ်ဆိုခြင်း ဖြစ်နိုင်သလို၊ ဗြဟ္မာ အယူအဆကို လက်ခံတဲ့ လူမျိုးတွေလို့ ညွှန်းဆို ခေါ်ဝေါ်ခြင်းလည်း ဖြစ်နိုင်တယ်။ ဒီ အိန္ဒိယ အခေါ်ကို ၁၆၊ ၁၇ ရာစုလောက်မှာ ပူတကေ (ပေါ်တူဂီ) လူမျိုးတွေက မွေးစားပြီး မြန်မာ (ဗမာ) တွေကို သူတို့ အသံထွက်နဲ့ ဘာမင်နီယား (Birmania) လို့ ခေါ်တယ်။ ဒီအခေါ်ကိုပဲ အင်္ဂလိပ်ေတွက (၁၈) ရာစု လောက်မှာ ထပ်မံမွေးစားပြီး မြန်မာ (ဗမာ) တွေ နေထိုင်တဲ့ နေရာဟာ ဘားမား (Burma) ဖြစ်လာတယ်။

ကနဦး အင်္ဂလိပ်စာလုံးပေါင်းမှာ “Burma” ဆိုတာအပြင် မူကွဲတွေ အမျိုးမျိုး ရှိခဲ့တယ်။ ဥပမာ – Bermah, Birmah, Brama, Burmah။ နောက်ပိုင်းကျမှ လူမျိုးနာမည် “Burma” က အတည်ဖြစ်ပြီး ကိုလိုနီ ဖြစ်တဲ့ အချိန်မှာလည်း နိုင်ငံနာမည်ပါ “Burma” ဆိုပြီး တရားဝင် ရုံးသုံး အခေါ်ဖြစ်လာခဲ့တယ်။ မြန်မာ လူမျိုးကိုတော့ “Burman/ Burmese” ဆိုပြီး သုံးနှုန်းခဲ့တယ်။

ဘယ် နိုင်ငံခြားသား မဆို မြန်မာ (ဗမာ) လူမျိုးတွေကို ခေါ်ရင် သူတို့ကြားရတဲ့ စကားသံ “ဗမာ” ကို သူတို့လျှာနဲ့ နီးစပ်တဲ့ အသံထွက်နဲ့ ခေါ်ဆိုမှာသာဖြစ်တယ်။ ဒါပေမယ့် ဒီနေရာမှာ သူတို့ မဖတ်တတ်တဲ့ စာပေ အရေးအသားမှာ အများစု သုံးတဲ့ “မြန်မာ” ကို အခြေပြုပြီး မခေါ်ဆိုနိုင်တာကို သတိပြုရပါမယ်။ ဒါကြောင့် လူမျိုးခြား အားလုံးက မြန်မာ (ဗမာ) တွေကို ခေါ်တဲ့ နေရာမှာ စကားသံ “ဗမာ” ကိုပဲ အခြေပြု ခေါ်ခဲ့တယ်။ ဥပမာ – ထိုင်းတွေက မြန်မာ (ဗမာ) တွေကို “ဖမ” လို့ခေါ်တယ်။

နိုင်ငံ နာမည် “Burma” ဖြစ်ခဲ့ခြင်း သဘောက ကိုလိုနီ စဖြစ်ခဲ့တဲ့ အချိန်နဲ့ သက်ဆိုင်တယ်။ ကိုလိုနီ စဖြစ်ချိန်မှာ မြန်မာ ကုန်းဘောင် မင်းဆက် လက်နက်နိုင်ငံတော် အင်ပါယာရဲ့ အာဏာဟာ မျက်မှောက်ခေတ် နိုင်ငံ နယ်နိမိတ်မှာရှိတဲ့ နေရာ အများစုလို့ ဆိုနိုင်တဲ့အထိ သက်ရောက်နေပြီ ဖြစ်တယ်။ ရခိုင်နဲ့ မွန် နိုင်ငံတွေဟာ လုံးလုံး မြန်မာကုန်းဘောင်မင်းနိုင်ငံရဲ့ လက်အောက်ကို ရောက် နေပြီဖြစ်တယ်။ ဒီအနေအထားမှာ ဗြိတိသျှ အင်ပါယာနဲ့ မြန်မာကုန်းဘောင်ဘုရင် အင်ပါယာတို့ အင်္ဂလိပ်-မြန်မာ ပထမစစ် (၁၈၂၄-၁၈၂၆) စ ဖြစ်တယ်။ မြန်မာက စစ်ရှုံးလို့ စစ်ပြေငြိမ်းရာမှာ သူတို့ နယ်ချဲ့သိမ်းပိုက် ထားတဲ့ နယ်မြေတချို့ဖြစ်တဲ့ ရခိုင်နဲ့ တနင်္သာရီကို အင်္ဂလိပ်လက်ထဲ လွှဲလိုက်ရတယ်။ အဲဒီမှာ အင်္ဂလိပ်က မြန်မာ (ဗမာ) ထံကနေ ရလိုက်တဲ့ အတွက် အဲဒီ နယ်မြေတွေကို အောက် ဗမာပြည် (Lower Burma) ဆိုပြီး နာမည်ပေးပြီး ဗြိတိသျှ – အိန္ဒိယ လက်အောက်ကို ထည့်လိုက်တယ်။

နောက်ပိုင်း အင်္ဂလိပ်-မြန်မာ နှစ်ကြိမ် စစ်ဆက်ဖြစ်ပြီး အင်္ဂလိပ်က မြန်မာကုန်းဘောင်မင်း နန်းစိုက် တဲ့ နေရာအထိ သိမ်းပြီးတဲ့ အချိန်မှာတော့ ကုန်းဘောင်မင်းဆက် အာဏာစက် ရောက်ခဲ့တဲ့ လက်ရှိ နိုင်ငံနယ်နမိတ် နေရာအများစုကို ဗမာနိုင်ငံ “Burma” ဆိုပြီး သတ်မှတ်တယ်၊ ဗြိတိသျှ အင်ပါယာထဲ ထည့်လိုက်တယ်။ ဒီနေရာမှာ သတိပြုရာမှာက ကုန်းဘောင်မင်းဆက် အာဏာ အပြည့် အဝ မသက်ရောက်ခဲ့တဲ့၊ နေရာတချို့ဖြစ်တဲ့ ရှမ်းပြည်လို နေရာတွေကို အင်္ဂလိပ်က တိုက်ရိုက် ကိုလိုနီအဖြစ် မသိမ်းပိုက်ဘဲ၊ အစောင့်အရှောက်ခံ နယ်မြေ အဖြစ်သတ်မှတ်ပြီး ဒေသခံ ပဒေသရာဇ် စော်ဘွားတွေကို ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပေးခဲ့တယ်။

အင်္ဂလိပ်တွေ အနေနဲ့ သူတို့ စစ်ဖြစ်ခဲ့ရတဲ့ လူမျိုး တမျိုးတည်းသာ ဒီနိုင်ငံမှာ မနေထိုင်တဲ့ သဘောကို သိတယ် ဆိုတာ မတူကွဲပြားတဲ့ အုပ်ချုပ်ပုံ စနစ်ေတွ ကျင့်သုံးခဲ့ပြီး ပိုမို သွေးကွဲစေခြင်း က သက်သေပြုတယ်။

ဒါ တနည်းအားဖြင့် အင်္ဂလိပ်တွေသုံးခဲ့တဲ့ “Burma” ဟာ မြန်မာ မဟုတ်တဲ့ တခြား တိုင်းရင်းသား လူမျိုးစုတွေကိုပါ သက်ေရာက်တယ်လို့ ဆိုနိုင်တယ်။ နိုင်ငံအမည် အင်္ဂလိပ်လို “Burma” ဟာ မြန်မာ (ဗမာ) လူမျိုးကိုသာ အခြေခံပြီး ဖြစ်ခဲပေ့မယ့် အထက်ပါ ဆိုခဲ့တဲ့ ကိုလိုနီ ဖြစ်စဉ်သဘောအရ တိုင်းရင်းသားတွေကိုလည်း ကိုယ်စားပြုတယ်လို့ ဆိုချင်ရင် ရတယ်။ သေချာတာကတော့ မြန်မာ (ဗမာ) လူမျိုးတွေရဲ့ အခေါ် မူရင်းနဲ့ အမှန်အခေါ် “မြန်မာ” ကို တိုက်ရိုက် အင်္ဂလိပ် စကားလုံး ဖလှယ် သုံးထားတဲ့ “Myanmar” ထက်တော့ “Burma” က နိုင်ငံမှာ အတူယှဉ်တွဲ နေထိုင်ေနရတဲ့ တခြား မြန်မာ မဟုတ်တဲ့ တိုင်းရင်းသား လူမျိုးစုတွေကို ကိုယ်စားပြုရာ ရောက်တယ်လို့ ဆိုနိုင်တယ်။

ဒါကြောင့် မြန်မာ၊ အင်္ဂလိပ် နိုင်ငံအမည် အခေါ်အဝေါ် နှစ်မျိုးစလုံးရဲ့ မူကွဲ နှစ်ခုမှာ အထက်က တင်ပြခဲ့တဲ့အတိုင်း မြန်မာ လူမျိုးအခေါ် မူရင်း “မြန်မာ” ဖြစ်တယ်ဆိုတဲ့ သမိုင်းအထောက်အထား အချက်အလက်တွေအရ ဖြစ်ဖြစ်၊ ကိုလိုနီ ဖြစ်စဉ် သဘောအရ ဖြစ်ဖြစ်၊ ဒို့ဗမာအစည်းအရုံးကြီးက ချမှတ်ခဲ့တဲ့ ပဒေသရာဇ်ေခတ်စနစ် မြန်မာလူမျိုးကြီးဝါဒ တိုက်ဖျက် စေလိုတဲ့ မူအရပဲ ဖြစ်ဖြစ်၊ နိုင်ငံအမည် ဗမာနိုင်ငံ (Burma) ဆိုတဲ့ နာမည်က နိုင်ငံရဲ့ လူမျိုးစုအားလုံးကို ကိုယ်စားပြုတဲ့၊ သင့်လျော်တဲ့ စကားလုံး ဖြစ်ပါတယ်။

ဒါပေမယ့် အထက်က ဆွေးနွေးတင်ပြချက်မှာ ထောက်ပြခဲ့သလို ဒီ ဗမာနိုင်ငံ (Burma) ဆိုတဲ့ နိုင်ငံအမည် အခေါ်ဟာလည်း မြန်မာ လူမျိုးအပေါ်မှာသာ အခြေပြု ပေါ်လာခဲ့တဲ့အတွက် မြန်မာလူမျိုး တမျိုးတည်းသာ ကိုယ်စားပြုသလို ဖြစ်နေနိုင်သေးတဲ့ အတွက် နောက်ကို တိုင်းပြည်မှာ မြန်မာ မဟုတ်တဲ့ တခြား လူမျိုးစု အသီးသီးရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပီပီပြင်ပြင် သီးသီးသန့်သန့် ဖောေ်ဆာင်ခွင့်ရတဲ့ ဖယ်ဒရယ် ပြည်ထောင်စု စစ်စစ် ဖောေ်ဆာင်နိုင်တဲ့ အချိန်ကျရင် ဒီ နိုင်ငံ အမည် ဗမာနိုင်ငံ (Burma) ဆိုတဲ့ သဘောကို ပြည်သူလူထု ဆန္ဒ၊ အထူး သဖြင့် လူနည်းစု လူမျိုးစုတွေရဲ့ ဆန္ဒ သဘော တောင်းခံပြီး ပညာရှင်တွေရဲ့ အကြံပြုချက်နဲ့ အညီ ပြုပြင်ပြောင်းလဲဖို့၊ ဒါမှမဟုတ် ထပ်မံ ဖြည့်စွက်ဖို့ လုပ်ေဆာင်ရမှာ ဖြစ်ပါတယ်။

အခု လောလောဆယ် တိုင်းရင်းသားအားလုံးကို ပိုမို ကိုယ်စားပြုနိုင်တဲ့ စကားလုံးတွဲ ထပ်မံ ရှာဖွေဖို့ အခြေအနေ အခွင့်အရေး မရှိခင်မှာ ဒီဝေါဟာရ ပြဿနာဟာ သာမန် ဘာသာဗေဒ သဘော အငြင်းပွားမှုထက် ပိုတဲ့ တိုင်းပြည်ရဲ့ နိုင်ငံရေး ပြဿနာ၊ တိုင်းရင်းသား လူမျိုးစု အချင်းချင်း ဖြစ်နေတဲ့ ပဋိပက္ခနဲ့ တိုက်ရိုက်ပတ်သက် နေတဲ့အတွက် တိုင်းရင်းသား ပြည်သူ အားလုံး၊ အထူးသဖြင့် သမိုင်းကို သေသေချာချာ မလေ့လာ မသင်ကြားခဲ့ရတဲ့ မျိုးဆက်သစ်လူငယ်တွေ အတွက် သမိုင်းဆိုင်ရာ အချက်အလက်၊ ဘာသာဗေဒနဲ့ ဝေါဟာရဆိုင်ရာ အယူအဆ ဖြစ်ပေါ်တိုး တက်လာမှုကို သိရှိနားလည်စေလိုတဲ့ ရည်ရွယ်ချက် စေတနာနဲ့ ဒီဆောင်းပါးကို ရေးပါတယ်လို့ နိဂုံးချုပ် ပြောချင်ပါတယ်။

ရည်ညွှန်း။ ။
•Hall, DGE, “Pre-Pagan Burma”, (3rd Edition), (1960).
•Ammon, Ulrich, “Sociolinguistics: An International Handbook of the Science of Language and Society”, Volume 3/3, (2nd Edition), (2004).
•Houtman, Gustaaf, “Mental culture in Burmese crisis politics”, ILCAA Study of Languages and Cultures of Asia and Africa Monograph Series No. 33, Institute for the Study of Languages and Cultures of Asia and Africa, (1999).
•Dittmer, Lowell, “Burma Or Myanmar? The Struggle for National Identity”, World Scientific, (2010).
•Thant Myint-U, “The River of Lost Footsteps–Histories of Burma”, (2006).
•Thant Myint-U, “The Making of Modern Burma”, (2001).
•Ma Thanegi, “Defiled on the Ayeyarwaddy: One Woman’s Mid-Life Travel Adventures on Myanmar’s Great River”, (2011).
•တင်မောင်သန်း၊ “သခင်နိုင်ငံတော်”၊ (၂၀၀၂).
·

Sunday, July 1, 2012

ဗမာနဲ့မြန်မာ ဘာကိုယူမလဲ


(မိုးမခမှ တူမောင်ညိုရဲ့ ဆောင်းပါးကို ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။)

မြန်မာ ဆိုတာ လူမျိုးရဲ့နာမည်
ဒေါက်တာသန်းထွန်း- မြန်မာသမိုင်းရှာတော်ပုံ စာအုပ် စာမျက်နှာ (၁၀၃- ၁၀၄) တွင် ယခုလိုဖေါ်ပြထားပါသည်။
“မြန်မာလို့ခေါ်ရင်အစပထမလူမျိုးကိုပဲခေါ်တာဖြစ်တယ်။ နောက်တစ်နေရာ တစ်နေရာတည်းမှာပဲ မြန်မာတွေအနေကြာတော့ သူတို့နေတဲ့ နေရာကိုပါ မြန်မာစု၊ မြန်မာရွာ၊ မြန်မာပြည်လို့ခေါ်တယ်၊ မွန်ကျောက်စာ (ခရစ် ၁၁၀၂ ) ထဲမှာ မြန်မာ ကို မိရ်မာ(မွန်ကျောက်စာ ၉ခ/၄၂၊ဒီ ၂၄၊ အိပ်ခ်ျ ၁၂) လို့ရေးထားတာတွေ့ရတယ်။ ထိလိုင်မင် (၁၀၈၄ – ၁၁၁၃) လက်ထက် နန်းသစ် ဆောက်တဲ့ အခါ မွန်၊ ပျူနဲ့ မိရ်မာ လက်သမားတွေပါတယ်လို့ ဆိုပါတယ်။ အဲဒါ မြန်မာနိုင်ငံရဲ့ကျောက်စာတွေထဲမှာ အစောဆုံးတွေ့ရတဲ့ မြန်မာ အကြောင်းပဲဖြစ်ပါတယ်”
“မြမ္မာ” လို့ရေးတာလည်းတွေ့ရတယ်လို့ဆိုပါတယ်။
ဒီတော့ “မြန်မာ” ဆိုတာ မြန်မာလူမျိုးရဲ့မူလနာမည်ပဲ။ တိုင်းပြည်နာမည် မဟုတ်ပါ။
ဗမာနိုင်ငံ၊မြန်မာလူမျိုး
တို့ဗမာအစည်းအရုံးသမိုင်း (ပထမတွဲ)၊ အခန်း ၇၊  စာမျက်နှာ (၂၁၃-၂၁၇)တွင် ယခုကဲ့သို့ဖေါ်ပြထားပါသည်။
            တို့ဗမာ အစည်းအရုံးသည် မူလတည်ထောင်စဉ်မှစ၍ သမိုင်းတလျှောက်လုံး လူမျိုးစုအားလုံး၏ ညီညွတ်ရေးကို အလေး ပေးခဲ့ကြောင်း၊ “တို့” ဟူသောစကား၊ “ဗမာ”ဟူသောစကား၊ “ဗမာနိုင်ငံ၊ ဗမာပြည်” ဟူသော စကားတို့ကို တီထွင်၍ တိုင်းရင်းသား စစ်စစ် ဟူသော အမည်နာမ တပ်ဆင်ခဲ့ဖြင့် သိသာထင်ရှားပေသည်။
            သခင်များက မြန်မာနိုင်ငံ၊ မြန်မာပြည် ဆိုသော စကားမှာ မြန်မာလူမျိုးနေထိုင်သောမြန်မာနိုင်ငံဟု အဓိပ္ပါယ်ရောက်သည်။
            မြန်မာနိုင်ငံဆိုသည်မှာ မြန်မာပဒေသရာဇ်များက ပေးသောနာမည်ဖြစ်သည်။ မမှန်ကန်။ ဗမာနိုင်ငံသည် မြန်မာလူမျိုး တမျိုးတည်းနေထိုင်သော နိုင်ငံမဟုတ်။ ကချင်၊ ကရင်၊ ကယား၊ ချင်း၊ တောင်သူ၊ ပအိုး၊ ပလောင်၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း စသော တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်သော နိုင်ငံဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံကို မြန်မာပြည်ဟုမသုံး၊ ဗမာနိုင်ငံ ဗမာပြည် ဟုသုံး သည်။ သို့မှသာ ညီညွတ်မှန်ကန်မည်။ ဗမာနိုင်ငံတွင်နေထိုင်ကြသော တိုင်းရင်းသားအားလုံးကို ဗမာဟုခေါ်သည်။
            မွန်လူငယ် မွန်သင်းလှိုင်၊ မွန်သန်း၊ မွန်ထွန်းဦးစသည်တို့သည် သခင်သင်းလှိုင်၊ သခင်သန်း၊ သခင်ထွန်းဦး
            ထားဝယ်လူငယ် ကိုဗသိန်းတင်၊ကိုစံဝင်း၊ ကိုဗဆွေ စသူတို့သည် သခင်ဗသိန်းတင်၊ သခင်စံဝင်း၊ သခင်ဗဆွေ
            ရခိုင်လူငယ် ကိုအောင်ကြီး၊ ကိုစန်ရွှေ၊ ကိုဗတင် စသူတို့သည် သခင်အောင်ကြီး၊ သခင်စန်ရွှေ၊ သခင်ဗတင်
            ရှမ်းလူငယ် ကိုခွန်တီး၊ ကိုခင်မောင်၊ ကိုငွေ ကိုသစ် စသူတို့သည် သခင်ခွန်တီး၊ သခင်ခင်မောင် (ကမာရွတ်)၊ သခင်ငွေ (ဗိုလ်စောအောင်)၊ သခင်သစ် (ဗိုလ်စောနောင်)
            ချင်းလူငယ် ကိုဝမ်းသူမောင်၊ ကိုအောင်မင်း စသူတို့သည် သခင်ဝမ်းသူမောင်၊ သခင်အောင်မင်း
            ပအိုးလူငယ် ကိုသိမ်းမောင်၊ ကိုဗရွှေ စသူတို့သည် သခင်သိန်းမောင်၊ သခင်ဗရွှေ
            ကရင်လူငယ် ကိုဘိုးကွယ်(မြောင်းမြ) ၊ ကိုစိုန်ရွှေ(မြောင်းမြ) တို့သည် သခင်ဘိုးကွယ်၊ သခင်စိန်ရွှေ ဟူ၍ သခင်အမည်ခံ ယူ ခဲ့ကြသည်။
            ထို့အတူ မစ္စတာနာရရန်ဆင်၊ နာရီဒူး၊ ဆင်းဂုပ္ပတား၊ ဘဲလျား၊ အပ္ပနား စသော အိန္ဒိယအမျိုးသားများသည် သခင်နာရရန်ဆင်၊ သခင်နာရီဒူး၊ သခင်ဆင်းဂုပ္ပတား၊ သခင်ဘဲလျား၊ သခင်အပ္ပနား
            ကိုတိတ်ဂွမ် (ရန်ကုန်)၊ ကိုဇေယျခေါ် အင်ပီး (မြောင်းမြ)၊ စူးတူး (ခေါ်) ကံဆင့်(မြောင်းမြ)၊ ချိန်တိတ်(ညောင်ဦး)၊ ဂင်စိန်(မြိတ်) စသော တရုတ်အမျိုးသားများသည် သခင်တိတ်ဂွမ်၊ သခင်ဇေယျ၊ သခင်ကံဆင့်၊ သခင်ချန်တိတ်၊ သခင်ဂင်စိတ် စသဖြင့် သခင်ဘွဲ့ခံယူပြီး တို့ဗမာအစည်းအရုံးတွင်ဝင်ရောက်ကာ တိုက်ပွဲအမျိုးမျိုးကို ဆင်နွှဲခဲ့ကြသည်။
            ထို့ကြောင့်ပင် တို့ဗမာသီချင်းတွင်
 “ တို့ဗမာ— ၊ ဟေ့— တို့ဗမာ၊ ဗမာပြေတဝှမ်းအကုန် တို့အိမ်မှတ်ပါ၊ တို့ယာမှတ်ပါ၊ အဲဒါ တို့ဗမာ”ဟု ထည့်သွင်းသီဆိုခဲ့ကြသည်။ ထို့အတူ မူလနိုင်ငံတော် သီချင်းတွင်လည်း “ဗမာပြေ”ဟုသာ ထည့်သွင်းရေးသားသီဆိုခဲ့ကြသည်။
            နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးမှာ ပါဝင်ခဲ့ကြသည့်ပါတီအဖွဲ့အစည်းများ၏ အမည်များကိုလည်း ဤသို့ ရေးသား ဖေါ်ပြခဲ့ကြပါသည်။
-       ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ (ဗကသ)
-       ဗမာ့ထွက်ရပ်ဂိုဏ်း
-       ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)
-       ဗမာ့လက်ရုံးတပ်
-       ဗမာ့လွတ်လပ်ရေးတပ်မတော်
-       ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားအစည်းအရုံး — သဖြင့်ဖြစ်သည်။
တို့ဗမာအစည်းအရုံးဝင် တိုင်းရင်းသားလူငယ်များကလည်း ၄င်းတို့အမည်ကို ဤသို့ပြောင်းလဲခဲ့ကြသည်။
သမိုင်းကိုပြင်တာမဟုတ်၊ ဖျက်ဆီးနေတာ
ယင်းသို့ သမိုင်းအချက်အလက်များ တိတိကျကျ၊ ထင်ထင်ရှားရှားရှိခဲ့ပါလျက် (နဝတ-နအဖ) စစ်အစိုးရလက်ထက်တွင် ယင်းကဲ့သို့သော သမိုင်းအချက်အလက်မှန်များကို ပြောင်းပြန်ဇောက်ထိုး ဖြစ်အောင်လုပ်ခဲ့ကြသည်။ ထင်သလိုပြင်ဆင်ခဲ့ကြသည်။ တကယ်တော့သမိုင်းကို သမိုင်းအချက်အလက်တွေကို ဖျောက်ဖျက်နေခြင်း၊ ဖျက်ဆီးနေခြင်းသာဖြစ်သည်။
မည်သည့်လူမျိုးပင်ဖြစ်ပါစေ အခြားလူမျိုး၏ ဘာသာစကားနှင့်အသံထွက်ကို အတိအကျပြောဆို အသံထွက်နိုင်လိမ့်မည် မဟုတ်၊  အနီးစပ်ဆုံးသာ ပြောဆိုအသံထွက်နိုင်ပါလိမ့်မည်။
“အသံထွက်မပီကလာပီကလာဖြင့်” မြန်မာကို (Burma/ဘားမား) လို့အသံထွက်တာ၊ (Burma)လို့ သုံးတာဟာ “လူမျိုးရေး သွေးကွဲစေရန်” အစီအမံရှိတာဖြစ်တယ်ဟု ဆိုသော ပြောဆိုရေးသားမှုများဟာ ဆီလျော်မှုမရှိတဲ့ ဇင်နိုဖိုဘီးယား (Xenophobia) အကြောင်းပြချက်များသာဖြစ်ပါသည်။
မြန်မာဆိုတာ လူမျိုးရဲ့နာမည်သာ ဖြစ်တယ်ဆိုတာ ကျောက်စာအထောက်အထားနဲ့ အခြားအိမ်နီးချင်းခေတ်ပြိုင် အထောက် အထားတွေမှာ (Mien-tien) (မီရန်တင့် ) အထင်အရှားတွေ့မြင်နေရပါလျက် မြန်မာ ဆိုသည်မှာ တိုင်းရင်းသားအားလုံးကိုကိုယ်စားပြုပြီး ဗမာ ဆိုသည်မှာ လူမျိုးတစ်မျိုး၏အမည်လို့ ပြောင်းလဲလိုက်ခြင်း/ ပြောင်းလဲလိုခြင်း ကသာလျှင် သမိုင်းကို ပြောင်းပြန်ဇောက်ထိုးပြုလုပ် ခြင်းဖြစ်ပါသည်။   မိမိတိုင်းပြည်သမိုင်းနှင့် လူမျိုးသမိုင်းကို ဖျက်ဆီးပစ်ခြင်းဖြစ်ပါသည်။
(နဝတ)စစ်အစိုးရက (၁၈ – ၆- ၁၉၈၉) နေ့တွင် နိုင်ငံတော်သီချင်းတွင်ပါဝင်သည့် “ဗမာ” ဆိုသည့် စကားရပ်ကို “မြန်မာ” ဆိုသည့်စကားရပ်ဖြင့် ပြောင်းပြန်ဖြစ်အောင်ပြောင်းခဲ့သည်။ (နဝတ) စစ်အစိုးရဥပဒေအမှတ် (၁၆/၈၉) ဖြင့် (Burma) ကို (Myanmar) ဟု တစ်ဖက်သတ်ထင်သလို ပြောင်းလဲခေါ်ဝေါ်စေခဲ့ကြခြင်းသာဖြစ်သည်။
တို့ဗမာအစည်းအရုံးသမိုင်းတွင်ဖေါ်ပြသကဲ့သို့ မြန်မာနိုင်ငံဆိုသည်မှာ မြန်မာပဒေသရာဇ်များက ပေးသောနာမည်ဖြစ်သည်။
ထိုပဒေသရာဇ်များသည်သူတလူငါတမင်းဖြင့် အဖကိုသားသတ်၊ ညီကအကိုကိုသတ် စသဖြင့် သွေးခင်း၍နန်းလုခဲ့ကြသည်။
နောက်ဆုံးတွင် ပဒေသရာဇ်ဘုရင်ကို ကိုလိုနီနယ်ချဲ့သမားက ရာဇပလ္လင်ပေါ်ကဆွဲချပစ်ခဲ့သည်။ ကြက်ကလေးငှက်ကလေး သဖွယ် ပါတော်မူသွားကြရသည်။ ထိုပဒေသရာဇ်များ၊ ထိုပဒေသရာဇ် သက်ဦးဆံပိုင်စနစ်၏ အစဉ်အလာများကို အဘယ့်ကြောင့်ဖက်တွယ် လွမ်းဆွတ် တသနေကြမည်နည်း။ ကိုးကွယ်နေကြမည်နည်း။
 တန်ဖိုးထားကြမည်ဆိုလျှင် ကိုလိုနီနယ်ချဲ့သမားများကို ဆန့်ကျင်ခဲ့ကြသည့် သမိုင်းနှင့် ယင်းသို့တောက်ပြောင်သော သမိုင်း အစဉ်အလာများကိုသာ တန်ဖိုးထားကြရမည်မဟုတ်ပါလော။
အုပ်စိုးသူအစိုးရအဆက်ဆက်သည် နယ်ချဲ့ဆန်ကျင့်ရေး၊ ဖက်ဆစ်တော်လှန်ရေးသမိုင်းနှင့် သမိုင်းဝင်အဖွဲ့အစည်းများ၊ ရဟန်း ရှင်လူပုဂ္ဂိုလ်များ၊ သမိုင်းအချက် အလက်များ၊ အထိမ်းအမှတ်များကိုတော့ ကွယ်ပျောက်၊ ပျက်ပျယ်၊ မှုံဝါးသွားစေရန် စနစ်တကျ စီမံ လုပ်ဆောင်ခဲ့ကြသည်။ လုပ်ဆောင်နေဆဲလည်း ဖြစ်သည်။
(နဝတ-နအဖ) စစ်အစိုးရနှင့် လက်ရှိအစိုးရသည် သက်ဦးဆံပိုင်ပဒေသရာဇ် အစဉ်အလာများကိုသာ ဖက်တွယ်ထားလိုကြသည်။ သူတို့သည် သူတို့မမြင်ဖူးခဲ့သော (အနော်ရထာ၊ဘုရင့်နောင်၊ အလောင်းဘုရား) ဘုရင်များကို အရုပ်ထု၍ ကိုးကွယ်နေကြသည်။ ဂုဏ်ယူ နေကြသည်။
ဗြိတိသျှကိုလိုနီနယ်ချဲ့ကို ရဲရဲဝံ့ဝံ့တွန်းလှန်ခဲ့သော “စစ်သူကြီးမဟာဗန္ဓုလ”ကို နေပြည်တော်မှာ အရုပ်ထုပြီး ဘာကြောင့် မကိုး ကွယ်ရတာလဲ။
ဗိုလ်ချုပ်အောင်ဆန်းသည် ဗြိတိသျှကိုလိုနီနယ်ချဲ့သမားကို ဆန်ကျင့်ခဲ့သူ၊ ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့သူ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး(ပင်လုံစာချုပ်) တည်ဆောက်ခဲ့သူဖြစ်ပါသည်။
 ဗိုလ်ချုပ်၏ ယင်းသို့ တောက်ပြောင်ခမ်းနားသော နယ်ချဲ့ဆန်ကျင့်ရေးဖက်ဆစ်တော်လှန်ရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး သမိုင်းအစဉ်အလာအမွေကို မျိုးဆက်သစ်လူငယ်များ ဆက်ခံရမည်မဟုတ်ပါလား။
 ယခုတော့ သမိုင်း နှင့် မျိုးဆက်သစ်လူငယ်များကို အဆက်ဖြတ်ပစ်နေကြသည်။ အဆက်ပြတ်အောင်လုပ်နေကြသည်။
လွတ်လပ်ရေးဗိသုကာကြီး၊ တပ်မတော်ဖခင်ကြီးဟု လက်ရှိအစိုးရ “ပါးစပ်”က ပြောနေသော်လည်း နေပြည်တော်တွင် ဗိုလ်ချုပ် အောင်ဆန်းရုပ်ထု မရှိပါ။ ငွေစက္ကူများတွင် ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံထည့်သွင်းရိုက်နှိပ်ခြင်းမရှိပါ။
ဒါကြောင့် (နဝတ-နအဖ) စစ်အစိုးရအုပ်စိုးခဲ့တဲ့ကာလ (၁၉၈၈ – ၂၀၁၁) ကို ဗိုလ်ချုပ်အောင်ဆန်းသမိုင်း သေးသိမ် မှေးမှိန် အောင်လုပ်ခဲ့တဲ့ကာလလို့ ပြောမယ်ဆိုရင် အပြောလွန်ရာကြမည်မထင်ပါ။
ထို့အပြင် လက်ရှိ ဦးသိန်းစိန်အစိုးရကလည်း Burma ပါလျှင် “ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ)” တရား ဝင်ဖွဲ့စည်းခွင့်ကို  လက်မခံသလို၊ (ဗကသ) လှုပ်ရှားမှုကိုလည်း ဟန့်တား၊ ပိတ်ပင်၊ ခြိမ်းချောက်နေပါသည်။
နိဂုံးချုပ်ရလျှင်
ကျောက်စာအထောက်အထား၊ အိမ်နီးချင်းနိုင်ငံ၏ခေတ်ပြိုင်မှတ်တမ်းများအရ လူမျိုးကို “မြန်မာ”(Myanmar) ဟု ခေါ်ဝေါ်ခြင်း ကသာ မှန်ကန်ပါမည်။
 ထိုနည်းတူပင် နိုင်ငံကိုလည်း သမိုင်းအစဉ်အလာကြီးမားသော တို့ဗမာအစည်းအရုံးကြီးက စနစ်တကျ တီထွင် ပေးအပ်ခဲ့ သော၊ ကျွန်သဘောက်ဘဝကို ရွံမုန်းပြီး၊ သခင်တိုင်းပြည် သခင်လူမျိုးများ ဘဝရောက်ရှိလာအောင် (သခင်မျိးဟေ့ ဒို့ဗမာ) ရဲတင်းသံ ပေးခဲ့သော၊ တိုင်းရင်းသား ပေါင်းစုံကို ကိုယ်စားပြုသော “ဗမာနိုင်ငံ” (Burma)ဆိုသည့် အမည်ကို တိတိကျကျ ခေါ်ဝေါ်သုံးစွဲခြင်းကသာ လျှင် မှန်ကန် ဆီလျော် ကိုက်ညီပါလိမ့်မည်။
မြန်မာလူမျိုး၊ ဗမာနိုင်ငံလို့ခေါ်ကြစို့။
(၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၃ ရက်)
ကိုးကား
-       တို့ဗမာအစည်းအရုံးသမိုင်း (ပထမတွဲ) ပထမအကြိမ်ပုံနှိပ်ခြင်း၊ ၁၉၇၆
-       ဒေါက်တာသန်းထွန်း- မြန်မာသမိုင်းရှာတော်ပုံ ပထမအကြိမ်၊ ၂၀၀၃၊ အောက်တိုဘာ၊ ဒေါင်းစာပေ

Sunday, June 17, 2012

ဗမာ - မြန်မာ အငြင်းပွားမှု

မြန်မာနိုင်ငံကို Burma လို့ခေါ်ရမလား Myanmar လို့ခေါ်ရမလားဆိုတာ အခုထိအငြင်းပွားနေရတုံးပါ။ မြန်မာ အစိုးရနဲ့ မြန်မာသံတမန်တွေက Myanmar ဆိုတဲ့အသုံးအနှုန်းကို လက်ဆုပ်လက်ကိုင်ပြုထားပြီး မြန်မာအစိုး ရနဲ့အလျင်းသင့်တဲ့ ပါတနာနိုင်ငံတွေကလဲ အဲဒီအတိုင်းသံယောင်လိုက်ပြီး သုံးကြပါတယ်။ အနောက်နိုင်ငံ တွေနဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေကတော့ Burma လို့ပဲ သုံးကြပါတယ်။  အနောက်နိုင်ငံတွေနဲ့ ပြည်ပမီဒီယာအများစုအနေနဲ့ မကြာသေးသောကာလကမှ Myanmar လို့သုံးစွဲလာကြတာကို တွေ့ရပါတယ်။ သို့တိုင်အောင် အမေရိကန်နဲ့ ဗြိတိန်တို့ကတော့ Burma လို့သုံးနေတုံးပါပဲ။  ဒေါ်အောင်ဆန်းစုကြည်လဲ အခုအချိန်အထိ Burma လို့သုံးနေတုံးပါပဲ။

တကယ်တော့ န၀တ အစိုးရမတက်ခင်အချိန်အထိ တကမ္ဘာလုံးကရော မြန်မာနိုင်ငံသားအာလုံးတို့ကပါ Burma ဆိုတာကို တညီ တညွတ်တည်း ခေါ်ဝေါ်သုံးစွဲခဲ့ကြတာပါ။ န၀တလက်ထက်ရောက်တော့ မြန်မာက မြန်မာပေါ့၊ ဘာလို့ဗားမား ခေါ်ရမှာလဲဆိုပြီးတော့ နိုင်ငံရဲ့တရားဝင်နာမည်ကို Burma ကနေ Myanmar ဆိုပြီး ပြောင်းလဲခဲ့တာပါ။

သူတို့ရဲ့အကြောင်းပြချက်ကတော့ Burma ဆိုတာ ဗမာလူမျိုးတခုတည်းကို ကိုယ်စားပြုပြီး Myanmar ကမှ တနိုင်ငံလုံးရှိ ၁၃၅ မျိုးသော လူမျိုးအားလုံးကိုကိုယ်စားပြုတယ်လို့ ဆိုပါတယ်။ တကယ်တော့ ဒါက တကမ္ဘာ လုံးကိုရော နိုင်ငံသားတွေကိုရော နားလှည့်ပါးရိုက်တဲ့ အကြောင်းပြချက်ပါ။ ဒါရဲ့နောက်ကွယ်မှာ တခြား နိုင်ငံရေး ပရိယာယ်တွေ ရှိနေပါတယ်။  သေချာတာတခုကတော့ အင်္ဂလိပ် မုန်းတီးရေးက အကြောင်းတခု ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီလိုပြောင်းလဲကြောင်း ကြေငြာပြီးတာ နဲ့တဆက်တည်းမှာ အင်္ဂလိပ် နာမည်နဲ့ မှည့်ထားတဲ့လမ်းနာမည် အားလုံးကိုမြန်မာလို ပြောင်းလဲလိုက်တာပါ။ ဥပမာ ရန်ကုန်က လွစ္စလမ်းကို ဆိပ်ကမ်းသာလမ်း၊ ယောက်လမ်း (york) ကို ဆူးလေဘုရားလမ်း၊ Rangoon ကို Yangon ၊ Moulmein ကို Mawlamyaing ၊ Prome ကို Pyay ၊ မေမြို့ကို ပြင်ဦးလွင် စသည်အားဖြင့် အင်္ဂလိပ် နာမည်နဲ့ မြို့နာမည်၊ လမ်းနာမည်မှန်သမျှကို ပြောင်းလဲပစ်ခဲ့ပါတယ်။ မူလကတည်းကိုက ဦးနေ၀င်း ရိုက်သွင်းထားလို့ အင်္ဂလိပ်မုန်းတီးရေးတရားရှိနေတာကတကြောင်း၊ အဲဒီတုံးက ဒေါ်အောင်ဆန်းစုကြည် မြန်မာ့နိုင်ငံရေး
လောကထဲကို ၀င်ရောက်လာခဲ့ပြီး သူ့အိမ်ထောင်ဖက်ကလည်း အင်္ဂလိပ်အမျိုးသားဖြစ်တာမို့  အချိန်ကိုက် အင်္ဂလိပ်တွေသုံးနှုန်းတဲ့ နာမည်တွေကို ပြောင်းလဲပစ်တာလို့ ယူဆရပါတယ်။

သူတို့ရဲ့တရားဝင် အကြောင်းပြချက်ကို ဆန်းစစ်ကြည့်ရအောင်ပါ။ သူတို့ပြောသလို Burma ဆိုတာ ဗမာလူမျိုး တခုတည်းကိုကိုယ်စားပြုပြီး တနိုင်ငံလုံးရှိ ၁၃၅ မျိုးသောတိုင်းရင်းသားများကို ကိုယ်စားမပြုဘူး ဆိုရင် စာပေကိုကျတော့ ဘာလို့အခုအချိန်အထိ ဗမာစာလို့မခေါ်ဘဲ မြန်မာစာလို့ခေါ်နေကြသလဲဆိုတာ စဉ်းစားစရာပါ။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှာ ဗမာစာပေတခုတည်းရှိတာမဟုတ်ပါဘူး။ ရှမ်းစာပေ၊ ရခိုင်စာပေ၊ မွန်စာပေ စသည်အားဖြင့် တိုင်းသားတိုင်းလိုလိုက သူ့စာပေနဲ့သူရှိကြတာများပါတယ်။ ဒီတိုင်းရင်းသားစာပေတွေကို မြန်မာစာထဲသွတ်သွင်းလို့ကတော့ သဘာဝမကျပါဘူး။ သူတို့ပြောသလိုသာ ဆိုရင်မြန်မာစာလို့မသုံးဘဲ ဗမာစာလို့ဘဲသုံးသင့်ပါတယ်။

သမိုင်းကြောင်းအရ "ဗမာ" ဆိုတဲ့အသုံးအနှုံးက မှန်တယ်လို့လေ့လာချက်အရ သိရှိရပါတယ်။ "ဗမာ"ဆိုတဲ့အသုံး အနှုန်းဟာ "ဗြဟ္မာ" ဆိုတဲ့စကားကဆင်းသက်လာတာဖြစ်ပါတယ်။ မြင့်မြတ်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ရှေးဗမာ လူမျိုးတွေက သူတို့ကိုယ်သူတို့ မြင့်မြတ်တယ်လို့ ခံယူထားတာဖြစ်လို့ပါ။ "ဗြဟ္မာ"ကနေပြီးတော့ တဖြေးဖြေးနဲ့ ပြောင်းလဲလာပြီး "ဗမာ"လို့ဖြစ်လာတာပါ။ ခေတ်အဆက်ဆက်က "ဗမာ" လို့သာခေါ်ဝေါ်သုံးနှုန်းခဲ့ပြီး "မြန်မာ" လို့ အစောဆုံးသုံးနှုန်းတာက ပုဂံခေတ်တောင်ဂူနီ ကျောက်စာ မှာအရင်ဆုံး တွေ့ရတယ်လို့ဆိုပါတယ်။ အဲဒီ ကျောက်စာမှာ “မရမ္မာ" လို့သုံးထားပါတယ်။  ၁၅ ရာစု မြန်မာနိုင်ငံကို ကုန်သွယ်ဘို့ရောက်ရှိလာတဲ့ ပေါ်တူဂီတွေက ဗမာကို Burma လို့စတင်သုံးစွဲခဲ့တာပါ။ အင်္ဂလိပ်တွေကို တော်လှန်နေတဲ့အချိန်က သခင်ကိုယ်တော်မှိုင်းတို့၊ ဗိုလ်ချုပ်အောင်ဆန်းတို့က "ဒို့ဗမာအစည်းအရုံး" လို့ပဲ သုံးနှုံးခဲ့ပါတယ်။   "ဒို့မြန်မာ အစည်းအရုံး"လို့မသုံးခဲ့ပါဘူး။

ဗမာပြည်မှာနေတဲ့လူတွေကို မူလအဓိပါယ် “ဗြဟ္မာ" (မြင့်မြတ်ခြင်း) လို့ရည်ညွန်းမယ်ဆိုရင်တော့ "ဗမာ"က ပိုပြီးသင့်မြတ်ပါလိမ့်မယ်။  ဒီတော့ နိုင်ငံရေးအရောင်အသွေးမပါဘဲ ပြောကြစတမ်းဆိုရင် "ဗမာ"ဆိုတဲ့အသုံး အနှုန်းကသာမှန်ပါတယ်။"မြန်မာ" ဆိုတာ နိုင်ငံရေးဆေးရောင်ချယ်ပြီးတော့မှ မရိုးမသားပြန်သုံးလာတာပါ။ ဒါကြောင့်ပဲ ဒေါ်အောင်ဆန်းစု ကြည်က အခုအချိန်ထိ Burma လို့သုံးနေတာဖြစ်မယ်လို့ထင်ပါတယ်။

စစ်အစိုးရကိုဖော်လိုလိုက်သူတွေကတော့ သူတို့ပြောတဲ့အတိုင်းသံယောင်လိုက်ပြီး "မြန်မာ" ကသာလျှင် လူမျိုးစုအားလုံးကို ကိုယ်စားပြုပါတယ်ဆိုပြီး ပြောကြပါတယ်။ တချို့ပြောတာလဲရှိသေးတယ်။"မြန်မာ"ကို အဓိပ္ပါယ်ဖွင့်တော့ စိတ်ဓာတ်မြန်ဆန်ပြီး ခိုင်မာပြတ်သားတယ်လို့ နှုတ်အားဖြင့် အဓိပ္ပါယ်ဖွင့်ကြသေးတယ်။ အရူးချီးပန်းသဘောမျိုးပြောတာပါ။

နိုင်ငံတကာစံနှုန်းနဲ့ကြည့်ရင် Myanmar ရဲ့အဆီအငေါ်မတည့်မှုတခုကို ပြောချင်ပါသေးတယ်။ ဒါကလဲ ရန်ကုန်တက္ကသိုလ် မြန်မာစာကထိကဟောင်း ဆရာကြီးဦးစံတင်ကထောက်ပြထားတာပါ။ Burma လို့သုံးတုံး ကတော့ နိုင်ငံနာမည်ကို Burma ၊ နိုင်ငံသားကိုတော့ Burmese လို့ နိုင်ငံကူးလက်မှတ်မှာ သုံးကြပါတယ်။ အဆင်ကိုပြေနေပါတယ်။ ထိုနည်းတူစွာပဲ နီပေါနိုင်ငံကိုရည်ညွန်းရာမှာ နိုင်ငံကို Nepal ၊ နိုင်ငံသားကိုတော့ Nepalese လို့သုံးပါတယ်။ ပါကစ္စတန်နိုင်ငံသားကို ပါကစ္စတန်နိ(စ်) လို့ခေါ်ပါတယ်။ စင်္ကာပူကို ရည်ညွန်းရာ မှာလဲ နိုင်ငံကို Singapore ၊ နိုင်ငံသားကိုတော့ Singaporean လို့သုံးပါတယ်။ အိန္ဒိယလူမျိုးကို Indian လို့သုံးပါတယ်။ မြန်မာကျတော့ နိုင်ငံလဲ Myanmar ၊ လူမျိုးလဲ Myanmar ဆိုတော့ နိုင်ငံတကာရဲ့အမြင်မှာ လူတိုင်းကအံ့သြကြပါတယ်။

ခြုံပြောရမယ်ဆိုရင်တော့ "ဗမာပြည်" "ဗမာနိုင်ငံ"လို့သာ သင့်မြတ်ကြောင်းပါ။



Friday, June 15, 2012

ဇွန်လတဆယ့်ကိုး

ဒေါ်စုအတွက်ကဗျာလေးပါ....


ဇွန်လတဆယ့်ကိုး

ဇွန်တဆယ့်ကိုးရောက်လို့လာ
ဒို့တွေအသိစိတ်မှာ
သတိရလာအုံးအုံးကျွတ်
နိုင်ငံလုံးဦးညွတ်။

အလုပ်သမား လယ်သမားတွေ
ကျောင်းသားလဲပါနေ
ရဟန်းရှင်လူအားလုံးမစဲ
အလွှာပေါင်းစုံလို့ပဲ။

ကမ္ဘာ့ခေါင်းဆောင်တွေလဲမကျန်
စံထားရတာအမှန်
မြန်မာ့ဂုဏ်လျှံတလွှားလွှား
သူသူငါငါမော်လို့ကြွား။

တော်လေး၀၀င်ဒို့မိခင်
ဒေါ်စုဖွားသန့်စင်
ရှင်လူအများစီးပွားတိုး
ဇွန်လတဆယ့်ကိုး။

တမျိုးသားလုံးအားထားစေချင်
နိုဘယ်ဆုမိခင်
ရှင်လူချစ်တဲ့အမေအား
ဆုတောင်းမေတ္တာဝေစို့လား
အမှုအပေါင်းအောင်နိုင်ပါစေသား
များအကျိုးဆတိုးပြုစေတကား။ 

Tuesday, June 12, 2012


ကုုလားဆုုိတဲေ့၀ါဟာရ
မြန်မာတွေရဲ့ ယေဘုယျအမြင်မှာ အစ္စလာမ်ဘာသာနဲ့ ဟိန္ဒူဘာသာ ကိုးကွယ်သူတွေကို ကုလားလို့ အကြမ်းဖျဉ်းသိကြပါတယ်။ တကယ်တော့ အဲဒီထက်ကျယ်ဝန်းပါတယ်။ ခြုံပြီးပြောရမယ်ဆိုရင်တော့ အသားမည်းမည်း၊ နှာတံကောက်ကောက်၊ မျက်လုံးမျက်ဆံပြူးပြူး၊ မုတ်ဆိတ်တွေနဲ့လူတွေကို ကုလားလို့ ခြုံပြီးပြောနိုင်ပါတယ်။ အစ္စလာမ်ဘာသာဝင် အသားဖြူဖြူနဲ့ကုလားတွေကိုတော့ မြန်မာတွေက မဂိုကုလား လို့ ရည်ညွှန်းကြပါတယ်။ ရန်ကုန် မဂိုလမ်း (ယခုရွှေဘုံသာလမ်း)မှာ အများစုတွေ့ရလို့ အဲဒီကနေ မဂိုကုလား ဖြစ်လာတယ်လို့ ထင်ရပါတယ်။ နီပေါကနေ မိုးကုတ်မှ တဆင့်ဝင်လာတဲ့ကုလားတွေကိုတော့ ဂေါ်ရခါး ကုလားလို့ လူသိများပါတယ်။ ထိုနည်းတူစွာ ပန်ဂျာပီကုလား (အိန္ဒိယနိုင်ငံ၊ ပန်ဂျပ်ပြည်မှကုလား)၊ အာရပ်ကုလား၊ ပါကစ္စတန်ကုလား၊ ဘင်္ဂါလီကုလား (ဘင်္ဂလားဒေ့ရှ်နိုင်ငံမှကုလား) စသည်အားဖြင့် ကုလားအမျိုးစုံ ရှိပါတယ်။ 

ဆိုလိုတာက ကုလားဆိုတာ အများအကြမ်းဖျဉ်းသိနေကြသလို အစ္စလာမ်နဲ့ ဟိန္ဒူဘာသာဝင်တွေကိုသာ ကုလားလို့ဆိုလိုတာမဟုတ်ပါဘူး။ ကုလားပြည်လို့ခေါ်တဲ့ အိန္ဒိယမှာ ခရစ်ယာန်ဘာသာဝင်တွေ လဲအများကြီးပါ။ သူတို့ကိုတော့ ခရစ်ယာန်ကုလားလို့ခေါ်ပါတယ်။ တခြားဘာသာဝင်တွေဖြစ်တဲ့ ဂျိန်းကုလား၊ ဆစ်(ခ်)ကုလားဆိုပြီးတော့လဲ အမျိုးမျိုးရှိပါသေးတယ်။ ဗုဒ္ဓဘာသာဝင်တွေလဲ အနည်း စုရှိကြသေးတာမို့ သူတို့ကို ဗုဒ္ဓဘာသာကုလားလို့လဲ ဆိုကြပါတယ်။ သီရိလင်္ကာနိုင်ငံကကုလားတွေ ကတော့ ဗုဒ္ဓဘာသာ ကုလား များပါတယ်။ 

ကုလားဆိုတဲဝေါ့ဟာရကိုဇစ်မြစ်ကိုလိုက်မယ်ဆိုရင်တော့ “အမျိုး“ လို့အဓိပ္ပါယ်ရတဲ့“ကုလ“ ဆိုတဲ့ ပါဠိစကားကနေ အချိန်ကာလ ရွေ့လျောလာတာနဲ့အမျှ ကုလားဖြစ်သွားတယ်လို့ ပညာရှင် အချို့က ယူဆကြပါတယ်။ ရန်ကုန်တက္က သိုလ် မြန်မာစာကထိကဟောင်း ဆရာကြီးဦးစံတင်ကတော့ ဟိုဘက် တိုင်းပြည်ကနေ ဒီဘက်တိုင်း ပြည်ကို ကူးလာကြလို့ “ကူးလာ“ ဆိုတဲ့စကားကနေ နောက်ပိုင်း “ကုလား“ ဖြစ်သွားတယ်လို့ သူ့ဆီမှာစာသင်တုံးက ပြောခဲ့ဖူးတာကို မှတ်သားရဖူးပါတယ်။ သူ့ရဲ့ အယူအဆအတိုင်း ဆိုရင် တရုတ်ပြည်က ကူးလာတဲ့လူတွေလဲ ကုလားစာရင်းထဲ ပါသွားနိုင်ပါတယ်။

အင်္ဂလိပ်တွေကိုတောင် ကုလားဖြူလို့ ဟိုတုံးက သုံးနှုံးခဲ့ကြသေးတာပဲ။ ဒါကိုပဲ န၀တ၊ နအဖစစ်အစိုးရတွေက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်နဲ့ အခုတမျိုးသားလုံးရဲ့ခေါင်းဆောင်ဖြစ်လာတဲ့     ဒေါ်အောင်ဆန်းစုကြည်ကို အပုပ်ချချင်တော့ “ကုလားဖြူမယား“ ၊ ပြီးတော့ “ကုလားမယား“ ဆိုပြီး အမနာပရေးခဲ့ကြတာကို အဲဒီခေတ် က သတင်းစာ အဟောင်းတွေ ပြန်ရှာကြည့်ရင်တွေ့ရမှာပါ။ 

ခက်နေတာက ကုလားဆိုတာ လူမျိုးတမျိုးကို နှိမ့်ချတဲ့အသုံးအနှုံးဖြစ်မဖြစ်ဆိုတာပါပဲ။ အပေါ်မှာ တွေ့မြင် သိရှိထားတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်အတိုင်းဆိုရင်တော့ နှိမ့်ချတဲ့အဓိပ္ပါယ်မသက်ရောက်ပါဘူး။ လူမျိုးတမျိုးရဲ့ အမည်နာမကို ရည်ညွန်းတာလောက်ပါပဲ။ သို့တိုင်အောင် ရခိုင်ပြည်နယ်မှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ ပြဿနာ ဟာ ကုလားဆိုတဲ့ အသုံးအနှုံးက ပြဿနာရဲ့အစိတ်အပိုင်း ဖြစ်လာတယ်ဆိုရင်တော့ ဒီအသုံးအနှုံးအပေါ် မကျေနပ်တဲ့လူတွေအနေနဲ့ ဝေါဟာရရဲ့ ဇစ်မြစ်အဓိပ္ပါယ်ကို မသိလို့ ဖြစ်ရတယ်လို့ပဲ ဆိုချင်ပါတယ်။ 

နောက်တခုက “ကုလားဒိန်“ ဆိုတဲ့အသုံးအနှုံးပါ။ လူတယောက်ကုလားရုပ်ရည်နဲ့ နည်းနည်းဆင် တယ်ဆို ရင် “ကုလားဒိန်“ လို့ရည်ညွှန်းပြောတတ်ကြပါတယ်။ ဒီဝေါဟာရကို မြန်မာအဘိဓာန်က ဘယ်လိုအဓိပ္ပါယ် ဖွင့်ဆိုလဲဆိုတာ အတိအကျမသိပေမယ့် ကိုယ်ပိုင်အယူအဆနဲ့ တွေးကြည့်မယ်ဆို ရင်တော့ “ဒိန်“ ဆိုတာ “ဒိန္န"၊ ဒါမှမဟုတ် “ဒိန" ဆိုတဲ့ပါဠိစကားကနေဆင်းသက်လာတဲ့ ပါဠိသက်ဝေါဟာရ တခုလို့ယူဆရပါတယ်။ “ပေးခြင်း" လို့အဓိပ္ပါယ်ရပါတယ်။ ကုလားကနေ မျိုးစေ့ချပေးခဲ့တဲ့ လူလို့ အဓိပ္ပါယ်ယူနိုင်ပါတယ်။ နောက် တနည်းယူဆနိုင်တာက “ဒိန်" ဆိုတာက ဒိန်ချဉ်၊ ဒိန်ခဲစကား တွေကနေ ယူပြီး အဲဒါရဲ့ အဓိပ္ပါယ်ဖြစ်တဲ့ ရော နှောခြင်းလို့ ယူဆနိုင်ပါတယ်။ ဒီတော့ “ကုလားဒိန်“ ဆိုတာ ကုလားသွေး ရောတဲ့လူလို့ မှတ်ယူနိုင်ပါတယ်။ 

အားလုံးကို ခြုံပြောရရင် “ကုလား" ဆိုတဲဝေါ့ဟာရဟာ နှိမ့်ချတဲဝေါ့ဟာရမဟုတ်ဘူးလို့ပြောချင်တာပါ။ ကုလားကို ကုလားလို့ခေါ်တာ နှိမ့်ချတယ်လို့ဆိုရင် တရုတ်ကိုတရုတ်လို့ခေါ်ရင်လဲ နှိမ့်ချတယ် လို့ယူရတော့ မှာပေါ့။ 

Thursday, June 7, 2012


ရဟန်းတော်များနဲ့လက်ဆွဲနှုတ်ဆက်ခြင်း

လူ့လောကမှာ လက်ဆွဲနှုတ်ဆက်ခြင်းဟာ လူတယောက်နဲ့တယောက် အရေးကြီးတဲ့ အသိ အမှတ်ပြုမှု အမှတ်သင်္ကေတ တခုဖြစ်ပါတယ်။ တယောက်နဲ့တယောက် မိတ်ဆက်တဲ့ နေရာမှာ လက်ဆွဲနှုတ်ဆက် ကြတယ်။ ဂုဏ်ပြုပွဲတွေမှာ ဂုဏ်ယူတဲ့အနေနဲ့ လက်ဆွဲနှုတ် ဆက်ကြတယ်။ အားကစားပွဲတွေမှာလဲ ရှုံး သူကနိုင်သူကို၊ ဒါမှမဟုတ်နိုင်သူက ရှုံးသူကို အပြန်အလှန် လေးစားအသိအမှတ်ပြုတဲ့အနေနဲ့ နှုတ် ဆက်ကြတာဖြစ်ပါတယ်။

အဲဒီလိုနှုတ်ဆက်တဲ့အခါမှာ တယောက်ကလက်ကမ်းပေးရင် တခြားတယောက်ကလဲ အလိုလို လက် ကမ်းနှင့်ပြီးသား ဖြစ်ရပါမယ်။ ဒါမှ ယဉ်ကျေးတယ်လို့ သတ်မှတ်ပါတယ်။ လက်ကမ်းပေးလာတာကို လက်ကမ်းခြင်းနဲ့မတုံ့ပြန်ရင် အတော်ရိုင်းတဲ့လူပဲလို့ သတ်မှတ်ပါ တယ်။ လက်ကမ်းလာတဲ့လူကို မကျေနပ်ဘူးဆိုတဲ့သဘောပေါ့။ ဒါမျိုးတွေကို အားကစား ပြိုင်ပွဲတွေမှာ အားကစားစိတ်ဓာတ်မရှိတဲ့ တချို့ရှုံးနိမ့်သူတွေ ပြုမူတတ်ကြတာကို တွေ့ရ တတ်ပါတယ်။ ရုပ်ရှင်တွေမှာတော့ အများကြီးပေါ့။

လက်ဆွဲနှုတ်ဆက်တဲ့ယဉ်ကျေးမှုဟာ အနောက်တိုင်းထုံးစံဖြစ်ပေမယ့် တကမ္ဘာလုံးကို ပြန့်နှံ့နေပြီး မြန်မာနိုင်ငံမှာလည်း အစိုးရအရာရှိတွေကအစ လက်ဆွဲနှုတ်ဆက်နေကြတာ ကို တွေ့ရပါတယ်။ ဒါအနောက်တိုင်းယဉ်ကျေးမှုကို မြန်မာတွေကမွေးစားလိုက်တာလို့ ဆိုနိုင်ပါတယ်။

လူလူချင်းလက်ဆွဲနှုတ်ဆက်တာ အမြင်မဆန်းပေမယ့် လူနဲ့ရဟန်းတော်တွေ လက်ဆွဲ နှုတ်ဆက်တာ ကတော့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အမြင်မှာ ဆန်းကြယ်နေပြီး မသင့်တော်ဘူးလို့လဲ အားလုံးကယူဆနေ ကြပါတယ်။ နိုင်ငံခြားမှာ သာသနာပြုနေကြတဲ့ ဗုဒ္ဓဘာသာ ရဟန်းတော်များအဖို့ အတော်သတိထား ရပါတယ်။ 

ဟိုတုန်းက မြန်မာရဟန်းတော်များ နိုင်ငံခြားသို့မကြွခင် ကမ္ဘာအေးကုန်းမြေမှာရှိတဲ့ နိုင်ငံတော်သံဃာ့ မဟာနာယက ဆရာတော်ကြီးများထံမှာ သြ၀ါဒခံယူရပါတယ်။ အဲဒီမှာ သူတို့ချမှတ်ထားတဲ့ စည်းကမ်း များထဲမှာ နိုင်ငံခြားမှာ လက်ဆွဲနှုတ်ဆက်ခြင်းမပြုရဘူးဆိုတာ တခုပါတယ်။ ဒီစည်းကမ်းချက်တွေကို လိုက်နာပါမယ်ဆိုတဲ့အကြောင်း ကတိဝန်ခံလက်မှတ်ရေးထိုးထားရပါတယ်။

ခက်တာက နိုင်ငံခြားသားတွေအနေနဲ့ နှုတ်ဆက်ဘို့အတွက် လက်ကမ်းပေးလိုက်တာကို ပြန်ပြီးတော့ လက်ကမ်းမပေးရင် စောစောကပြောသလို သူတို့အမြင်မှာ အတော်ရိုင်းပါ တယ်။ ယဉ်ကျေးမှုမသိတဲ့ လူအဖြစ် မြင်သွားတတ်ကြပါတယ်။ ဒီလိုအပြောခံရတာကို ကိုယ်တိုင်လဲကြုံဖူးပါတယ်။ အဲဒီအခါမှာ သူလဲအောင့်သက်သက်ဖြစ် ကိုယ်ကလဲပုထုဇဉ် သဘာဝ ရိုင်းတယ်လို့အပြောခံရတဲ့အတွက် စိတ်မနော ဒေါသထွက်ရတာပေါ့။ တခါ တလေကျတော့လဲ အတူပါသွားတဲ့ ဗုဒ္ဓဘာသာဝင် ဒကာတယောက် ယောက်က ကြားက ရှင်းပြပေးရပါတယ်။ အဲဒီအခါ တချို့က တအံ့တသြနဲ့ ရှေ့ မှာတော့ အိုကေပါဆိုပြီး 
ခေါင်းတညိမ့်ညိမ့်နဲ့ နားလည်သလို လက်ခံကြပေမယ့် ကွယ်ရာမှာတော့ ဝေဖန်တတ်ကြပါတယ်။

ဒီတော့ရဟန်းတော်များ လက်ဆွဲနှုတ်ဆက်ခြင်းမပြုသင့်ဘူးလို့ ထင်ရတဲ့အကြောင်းကို ဆန်းစစ်ကြရ 
အောင်ပါ။ ဗုဒ္ဓဘာသာတွေရဲ့အမြင်မှာ ရဟန်းတော်များဟာ လူဝတ်ကြောင် တွေထက် ကိုယ်ကျင့်သိက္ခာ မြင့်မားတဲ့အတွက် လူဝတ်ကြောင်တွေက ရဟန်းတော်တွေကို နှုတ်ဆက်တဲ့အခါ လက်အုပ်ချီလျက်သာ နှုတ်ဆက်သင့်တယ်လို့ ယူဆထားတာက အခြေခံအကြောင်းပါ။ ဒီအချက်ကို ဗုဒ္ဓဘာသာဝင်တွေအနေ နဲ့ ပြဿနာမရှိပါ။ အားလုံး လက်ခံကြပါတယ်။ သို့ပေမယ့် ဘာသာခြားတွေအတွက်ကတော့ ရဟန်းလဲ လူ၊ လူလဲ ရဟန်းပဲလို့ စိတ်ထဲခံယူထားကြတာပါ။ ပြီးတော့ သူတို့ရဲ့ ခရစ်ယာန်ဘုန်းကြီးတွေကို နှုတ် ဆက်တာမှာလဲ သူတို့ယဉ်ကျေးမှုအတိုင်း လက်ဆွဲနှုတ်ဆက်ကြတာပါပဲ။ ဆိုတော့ ဗုဒ္ဓဘာသာဝင် ရဟန်းတော်တွေကိုလဲပဲ တကမ္ဘာလုံးကလက်ခံအသိအမှတ်ပြုထားတဲ့ လက်ဆွဲနှုတ်ဆက်ခြင်းမျိုးနဲ့ နှုတ်ဆက်တာကို ငါတို့တွေက လက်ပြန်ကမ်းမပေးတော့ ရိုင်းတယ်လို့ ထင်ကြပြီပေါ့။

နောက်ထပ်အကြောင်းတခုကတော့ ၀ိနည်းတော်မှာ ရဟန်းတော်များသည် မာတုဂါမ လက်ကိုမကိုင် အပ်ဘူးလို့ ပညတ်ချက်ရှိပါတယ်။ ဒီတော့ လူဝတ်ကြောင်ယောကျာ်း တွေကိုတောင် လက်ဆွဲနှုတ် ဆက်ရင် မျက်လုံးထဲကန့်လန့်ဖြစ်နေတဲ့ ဗုဒ္ဓဘာသာဝင်များ အဖို့ မာတုဂါမတယောက်ကို လက်ဆွဲနှုတ် ဆက်တာမျိုးလုပ်ရင် ပိုဆိုးတော့တာပေါ့။ ဗုဒ္ဓ ဘာသာဝင်မဟုတ်တဲ့ နိုင်ငံခြားသား မာတုဂါမ တယောက်က နှုတ်ဆက်ဖို့လက်ကမ်းလာတာကို ပြန်ပြီးတော့လက်ကမ်းမပေးပြန်ရင်လဲ အပေါ်မှာဆို ထားသလို ရဟန်းတွေ ရိုင်းပြန် ပြီပေါ့။

ဒီတော့ ၀ိနည်းသိက္ခာပုဒ်နဲ့ပတ်သက်ပြီး ပြောကြရအောင်ပါ။ ၀ိနည်းတော်ထဲမှာ ရဟန်းတော်များ မာတုဂါမကို မတို့မထိရဘူးလို့ ပညတ်ချက်ရှိတယ်ဆိုတာ မှန်ပါတယ်။ ဒါက လူဒါယကာတွေ သိထားတဲ့အကြမ်းဖျဉ်း သဘောတရားမျှသာပါ။ ဒီသိက္ခာပုဒ်နဲ့ ပတ်သက်ပြီး လူဒါယကာတွေ မသိထားတဲ့အချက်တွေရှိပါသေးတယ်။ အဲဒါကဘာလဲဆိုတော့ မာတုဂါမကိုတို့ထိတဲ့ ရဟန်းတော်ရဲ့ ထားရှိရမယ့်စိတ်နေစိတ်ထားပါပဲ။ တပ်မက်တဲ့စိတ်နဲ့ တို့ထိမှ အာပတ်သင့်တာပါ။ အသက်အရွယ်ကို လိုက်ပြီး “ဂေဟဿိတပေမ“ လို့ခေါ်တဲ့မိခင်လို နှမလိုစိတ်ထားမျိုးနဲ့ကိုင်ရင် အာပတ်မသင့်ပါဘူး။ နိုင်ငံခြားရောက် ဗုဒ္ဓဘာသာ ဒကာဒကာမတွေအနေနဲ့ ဒါကိုလဲ သိထားသင့်ပါတယ်။ တဏှာရာဂ တပ်မက်စိတ်နဲ့ တို့ထိကိုင်တွယ်တယ်ဆိုရင်တော့ တစိမ်းမိန်းမတွေကိုမပြောနဲ့ မိခင်နဲ့ နှမတွေကိုလဲ မကိုင်မထိကောင်းပါဘူး။ မိန်းမ တွေကိုမပြောနဲ့၊ ယောကျာ်းတွေကိုတောင် တဏှာရာဂတပ်မက်တဲ့ စိတ်နဲ့ မတို့ထိအပ် ပါဘူး။

သံဃာ့မဟာနာယကဆရာတော်ကြီးတွေ စည်းကမ်းချက်ထုတ်ထားတာက သူတို့ကရှေးရိုးစွဲ conservative အမြင်နဲ့ အဲဒီစည်းကမ်းထုတ်ထားကြတာပါ။ အခုအဲဒီစည်းကမ်းချက် ရှိမရှိတော့ မသိတော့ပါ။ ရှေးရိုးစွဲဆရာတော်ကြီးများကတော့ အင်္ဂလိပ်စာလေ့လာတာကိုတောင်မှ အပြစ်လို့ သတ်မှတ်ကြတာပါ။ အခုနောက်ပိုင်း ဆရာတော်ကြီးများလဲ နိုင်ငံခြားကိုကြွလာတဲ့ အတွေ့အကြုံတွေ ရှိလာတော့ သူတို့လည်း နားလည်လာကြပါပြီ။ 


သူများတိုင်းပြည်မှာ ရိုင်းတယ်လို့အပြောခံရရင် ကိုယ့်ရဲ့သာသနာပြုလုပ်ငန်း ဘယ်လိုမှ အောင်မြင်မှာ မဟုတ်ပါဘူး။  အဲဒါကြောင့် မိမိတို့ရဲ့ဗုဒ္ဓဘာသာဝင် ရဟန်းတော်တွေ ရိုင်း တယ်လို့အပြောမခံရအောင် နှုတ်ဆက်ဘို့ လက်ကမ်းလာတဲ့ ဘာသာခြားနိုင်ငံခြားသား တွေကို မိန်းမကိုဖြစ်စေ၊ ယော ကျာ်းကိုဖြစ် စေ လက်ပြန်ကမ်းနှုတ်ဆက် ပေးတဲ့ရဟန်းတော်များကို မြင်မိတွေ့မိတဲ့အခါ နားလည်ပေးကြဖို့ပါ။