Sunday, July 22, 2012

ကျွန်တော်လူပြန်တော်

ဒုလ္လဘတရား ငါးပါးထဲမှာ “ပဗ္ဗဇိတဘာဝေါ ဒုလ္လဘော - ရဟန်းအဖြစ်ဟာ ရခဲခြင်း" ဆိုပြီးတော့ မြတ်စွာဘုရား ဟောကြားတော်မူထားပါတယ်။ ရခဲလွန်းလို့ မြတ်စွာဘုရားတောင်မှ လေးအသင်္ချေနဲ့ ကမ္ဘာတသိန်း ပါရမီဖြည့်ကျင့်ခဲ့တဲ့ ကာလတလျှောက် ရဟန်းဘ၀ကို ကိုးကြိမ်လောက်ပဲ ရခဲ့တယ်လို့ ကျမ်းဂန်တွေမှာ ဆိုထားပါတယ်။ ဒါတွေကို ကျွန်တော်မသိမဟုတ်၊ သိပါတယ်။

သို့သော်ငြားလည်း ပါရမီကုန်သွားတယ်လို့ပဲ ပြောရမှာပါ။ ကိုရင်ဘ၀နဲ့ ၉  ၀ါ၊ ရဟန်းဘ၀နဲ့ ၂၁ ၀ါ၊ စုစုပေါင်း အနှစ်သုံးဆယ်ကျော် သာသနာ့ဘောင်မှာ ဘ၀ကိုမြှုပ်နှံထားပြီးကာမှ ထွက်လိုက်ရတာကတော့ ကျွန်တော့် ဘ၀ကို ကျွန်တော်မနှမြောလို့တော့ မဟုတ်ပါ။ သိတဲ့လူတွေအားလုံးက မိဘကအစ နှမြောစရာကွယ်လို့
ပြောကြပေမယ့် သူတို့နှမြောတာထက် ကျွန်တော့်ကိုယ်ကျွန်တော် နှမြောတာက အဆများစွာပိုပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဘ၀တခုနဲ့ရင်းပြီး ဆုံးဖြတ်လိုက်ရတာမို့ပါ။ ထွက်တဲ့နေ့တုန်းကဆို ယောက်ျားတန်မဲ့ မျက်ရည်ကျခဲ့ရတာပါ။

ဘာကြောင့်ထွက်ရတာလဲလို့မေးရင် တကယ်ပဲပါရမီကုန်သွားလို့ပါ။ အပေါ်မှာပြောခဲ့တဲ့ ဒုလ္လဘတရား ငါးပါးထဲမှာပဲ "ဒုလ္လဘာ သဒ္ဓါသမ္ပတ္တိ - သဒ္ဓါတရားနဲ့ပြည့်စုံဘို့ခဲယဉ်းတယ်" လို့ဟောထားပြန်တဲ့အတွက် ရခဲလှတဲ့ ရဟန်းဘ၀အဖြစ်နဲ့ ဆက်လက်နေထိုင်သွားဘို့ သဒ္ဓါတရားရှိဘို့ကလည်း တကယ်မလွယ်ပါဘူး။

လူတွေအမြင်မှာတော့ ဘုန်းကြီးဘ၀ဟာ အေးချမ်းတယ်၊ အနေအစားလွယ်တယ်လို့ အပြင်ပန်းမြင်ကြတယ်။  နေနိုင်သူအတွက်ကတော့ တကယ်ပဲအေးချမ်းပြီး အမှန်တကယ်ပဲ အနေအစားလွယ်ပါတယ်။ မနေနိုင်သူ အတွက်ကတော့ သူများတွေပေးလှူလို့ လွယ်လွယ်ကူကူရလာတဲ့ စားဦးစားဖျားကိုစားရတာဟာ ရဲရဲနီနေတဲ့ သံတွေခဲကို စားသုံးနေရသလို၊ ဒီအတိုင်းကြိတ်မှိတ်ပြီးဆက်နေသွားလို့ အပြစ်တွေကျူးလွန်နေရင် သံသရာမှာ နစ်မွန်းဖို့ပဲရှိပါတော့တယ်။ အပြစ်ဗလပွနဲ့နေနေတဲ့ရဟန်းတပါးအနေနဲ့ လူဒါယကာတွေက လက်အုပ်ချီအရိုအသေပေးလာရင် လူတွေရဲ့လက်ဆယ်ချောင်းဟာ လှံဆယ်ချောင်းနဲ့ အလားသဏ္ဌာန် တူတယ်လို့ ငယ်စဉ်ကတည်းက ဆရာသမားတွေဆုံးမခဲ့ကြတာပါ။ ဒီအဆုံးအမဟာ ကျွန်တော့်ရင်ထဲမှာ သံမှိုစွဲသလို စွဲကပ်နေခဲ့ပါတယ်။

ဆရာသမားရဲ့ နောက်ထပ်အဆုံးအမတခုရှိပါသေးတယ်။ ရဟန်းတွေအပြစ်ကျူးလွန်တာက လူတွေအပြစ် ကျူးလွန်တာထက်ပိုအထိနာပါတယ်။ ဘာလို့လဲဆိုတော့ လူတွေအပြစ်ကျူးလွန်တာက သူ့ထမင်းသူစားပြီး ကျူးလွန်တာဖြစ်လို့ပါပဲ။ ရဟန်းတွေကတော သူများတွေချွေးနဲစာကို သဒ္ဓါတရားနဲ့ ပေးလှူထားတဲ့ စားဦး စားဖျားတွေကို စားပြီးအပြစ်ကျူးလွန်လို့ပါပဲ။ အနိမ့်ကကျတာထက် အမြင့်ကကျတာက ပိုအထိနာပါတယ်။ ဒါကြောင့်ပဲ စာသင်သားဘ၀ စာသင်တိုက်မှာနေတော့ ဆရာတော်ကအမြဲပြောလေ့ရှိတယ်၊ မနေနိုင်ရင် ထွက်ပါတဲ့။ ဘယ်သူနဲ့မှလဲစာချုပ်ချုပ်ထားတာမဟုတ်တဲ့အတွက် မနေနိုင်တဲ့တနေ့မှာ သတ္တိရှိရှိ ထွက်ပြီး ဘ၀ကိုရင်ဆိုင်ပါ။ ရိုးသားကြိုးစားတဲ့လူတယောက်အတွက် မဆင်းရဲနိုင်ပါဘူးလို့ ဆရာသမားက အမြဲတစေ ဆိုဆုံးမခဲ့တာပါ။ မနေနိုင်ဘဲ ကြိတ်မှိတ်နေပြီး အပြစ်တွေကျူးလွန်နေရင် သာသနာ့တာဝန်ကို ထမ်းရွက်နေ တာမဟုတ်ဘဲ သာသနာတော်က ကိုယ့်ရဲ့ဝန်ကို ထမ်းနေရတာဖြစ်လို့ အပြစ်ကြီးလှပါတယ်လို့ ဆုံးမခဲ့ကြ ပါတယ်။

ကျွန်တော် အသက် ၅ နှစ်အရွယ်မှာ ဘုန်းကြီးကျောင်းသားဘ၀နဲ့ ဘုန်းကြီးကျောင်းကိုရောက်ပါတယ်။ ၉  နှစ်အရွယ်မှာ ကိုရင်ဝတ်တော့ မိဘဆွေမျိုးတွေက ကိုရင် ဘယ်နှစ်ဝါနေမလဲမေးတော့ ပျော်သလောက်ပေါ့ လို့ပြောတယ်။ အဲဒီမှာသူတို့က အဖေအတွက် ၁ ၀ါ၊ အမေအတွက် ၁ ၀ါ၊ အဘိုးအဘွားတွေအတွက် ၁ ၀ါစီ၊ အဒေါ်အပျိုကြီးလက်ပေါ်မှာ ကြီးခဲ့တာမို့လို့ အဒေါ်အတွက် ၁ ၀ါ၊ စုစုပေါင်း ၅ ၀ါပြည့်အောင်နေပေးပါလို့ ပျော် စေပျက်စေ သဘောမျိုးနဲ့ပြောကြတော့၊ ကောင်းပြီ ကျွန်တော် ၅ ၀ါပြည့်အောင်နေပေးမယ်၊ ၅ ၀ါပြည့်ရင် ထွက်မယ်လို့ပြောတော့ သူတို့ကလဲအိုကေပေါ့။ ၅ ၀ါပြည့်တော့ ထွက်မယ်လုပ်တော့ ဆရာဘုန်းကြီးက အိမ်ကပို့လာတဲ့ အ၀တ်အစားတွေကို သိမ်းလိုက်လို့ မထွက်ဖြစ်တော့ဘူး။

နောက်ပိုင်းစာသင်တိုက်ရောက်ပြီးတော့ အဆိုတော်အောင်ရင်တို့နဲ့ ဆက်စပ်မိတယ်။ ကိုအောင်ရင်ရဲ့အမေ က ပစ္စည်းလေးပါး ဒကာခံပြီး ရဟန်းခံပေးတယ်။ ကျွန်တော်နဲ့အတူ ကျွန်တော့်သူငယ်ချင်း တခြားကိုရင် တပါးကိုလဲ ကိုအောင်ရင်တို့က ရဟန်းခံပေးတယ်။  အဲဒီကိုယ်တော်ကတော့ ၁ ၀ါလား ၂ ၀ါလားမမှတ်မိ
တော့ဘူး။ စောစောစီးစီးပါရမီကုန်လို့ စောစောစီးစီး လူထွက်သွားတယ်။ ကျွန်တော်လဲ ရဟန်း ၅ ၀ါလောက် ရတော့ လူထွက်ဘို့ကြံလာတယ်။ အဲဒီအချိန်မှာ ကိုအောင်ရင့်အမေ ရဟန်းဒကာမကြီးရဲ့ငွေကြေး အထောက်အပံ့နဲ့ နိုင်ငံခြားပညာသင်ထွက်ဖြစ်ခဲ့တယ်။

ကျွန်တော်အသက် ၃၁ နှစ်မှာ ဒေါက်တာဘွဲ့ရပါတယ်။ ဒေါက်တာဘွဲ့ရပြီးတဲ့နောက် ထောက်ထားစရာမျက် နှာတွေက များလွန်းတော့ မထွက်ဖြစ်ဘဲအတော်ကြာကြာ ရဟန်းဘ၀နဲ့နေခဲ့ပါသေးတယ်။ အခုတော့ ပါရမီ တကယ်ကိုကုန်သွားပြီဖြစ်လို့ ကြိတ်မှိတ်ပြီးဆက်မနေသင့်တော့ဘူးလို့ ကျွန်တော်ကိုယ်ရောစိတ်ရော နားလည်ပြီး ထွက်လိုက်ရတာပါ။ လနဲ့ချီအခေါက်ခေါက်အခါခါ စဉ်းစားပြီးတော့မှ ဆုံးဖြတ်လိုက်တာပါ။ အခုတော့ ကျွန်တော် လူပြန်တော်ဖြစ်သွားပါပြီ။ ကျေးဇူးရှင်ရဟန်းဒကာမကြီး မိသားစုတွေအနေနဲ့ ကျွန်တော့်အဖြစ်ကို သိရတဲ့အချိန်မှာ အတော်ပဲအံ့သြမိသလို အတော်လဲ ၀မ်းနည်းကြမယ်ဆိုတာကို ခန့်မှန်းမိပါတယ်။ သို့ပေမယ့် ကျွန်တော်အထက်မှာ ရှင်းခဲ့သလို မနေနိုင်တော့ဘဲ ကြိတ်မှိတ်နေပြီး အပြစ်
တွေလွန်ကျူးနေတာထက် လူထွက်ပြီးလူ့ဝတ်ကြောင်ဘ၀နဲ့ ငါးပါးသီလစောင့်ထိန်းနေတာက ပိုအကျိုး များမယ်ဆိုတာကို တွက်ဆပြီး ကျွန်တော့်ကို နားလည်ပေးနိုင်ကြလိမ့် မယ်လို့ မျှော်လင့်မိပါတယ်။

No comments:

Post a Comment