Tuesday, June 5, 2012

အမှားကြာလို့မှန်နေတဲ့အရာများ
ဗုဒ္ဓဘာသာ မြန်မာ့လူမှုအဖွဲ့အစည်းမှာ အတွေးအခေါ်အယူအဆ အမှားအယွင်းတွေ အများကြီးရှိနေပြီး တော့ အဲဒီအမှားအယွင်းတွေဟာ ကာလရှည်ကြာလာတာနဲ့အမျှ အမှန်တွေဖြစ်သွားတာကိုတွေ့ရပါ တယ်။ ဒီဆောင်းပါးကတော့ အဲဒီအမှားအယွင်းများစွာတွေထဲက ဘိုးဘွားဘီဘင်လက်ထက်ကစပြီး အရိုးစွဲနေအောင်အမှန်ပါလို့ ထင်နေကြတဲ့ အမှားတစ်ခုအကြောင်းပါ။

အဲဒါကတော့ လူတစ်ယောက်သေဆုံးပြီးတဲ့နောက် သေသူရဲ့ဝိဥာဉ်၊ သို့ဟုတ် အသက်၊ လိပ်ပြာဟာ အိမ်မှာကျန်ရစ် နေပြီး ၇-ရက် ပြည့်မှ၊ မြန်မာတွေအခေါ် ရက်လည်ပြီးမှ ထွက်သွားတယ်ဆိုတဲ့ အယူ အဆဖြစ်ပါတယ်။ ၀ိဥာဉ်၊ အသက်၊ လိပ်ပြာ ... ဘယ်လိုပဲခေါ်ခေါ် ဆိုလိုချက်က တစ်ခုတည်းပါပဲ။ ဒါကို ခရစ်ယာန်ဘာသာက "Soul" လို့ခေါ်ပြီး ဟိန္ဒူကတော့"Atman" (အာတမန်) လို့ခေါ်ပါတယ်။ ဗုဒ္ဓဘာသာ ပါဠိဝေါဟာရကတော့ ဒါကို အတ္တလို့ခေါ်ပါတယ်။ ဒါကိုနားလည်တယ် ဆိုရင်တော့ သေ သူရဲ့ဝိဥာဉ်၊ အသက်၊ လိပ်ပြာဟာ အိမ်မှာ ၇-ရက်တစ်ပတ်လောက် ကျန်နေရစ်တယ်ဆိုတာ မမှန်တဲ့ အကြောင်းထင်ရှားနေပါပြီ။ ဘာကြောင့်လဲဆိုတော့ ဗုဒ္ဓ၀ါဒဟာ အတ္တ၀ါဒမဟုတ်၊ အနတ္တ၀ါဒဖြစ်လို့ပါပဲ။ အနတ္တ၀ါဒဖြစ် တဲ့အကြောင်းကိုတော့ မြတ်စွာဘုရားရဲ့ တရားဦးဓမ္မစကြာတရားနဲ့တစ်ဆက်တည်း ဟောကြားတော်မူခဲ့တဲ့ အနတ္တ-လက္ခဏသုတ်မှာ အတိအလင်းဟောကြားတော်မူထားတာဖြစ်ပါတယ်။

လူမှာ ၀ိဥာဉ်၊ အသက်၊ လိပ်ပြာဆိုတာ တကယ်ရှိမရှိ ဗုဒ္ဓ၀ါဒသဘောတရားများနဲ့ ဆန်းစစ်ကြည့်လို့ ရပါတယ်။ ဗုဒ္ဓ၀ါဒ သဘောတရားအရ လူဆိုတာ ခန္ဓာငါးပါးနဲ့ ဖွဲ့စည်းထားတဲ့ အစုအဖွဲ့ကြီးတစ်ခုပါ။ သိကြတဲ့အတိုင်း ခန္ဓငါးပါးကတော့ ရုပ်၊ ဝေဒနာ(ခံစားမှု)၊ သညာ (မှတ်သားမှု)၊ သင်္ခါရ (စေ့ဆော် လှုပ်ရှားမှု) နဲ့ ၀ိညာဏ် (အသိစိတ်) တို့ပဲဖြစ်ပါတယ်။ ဒီနေရာမှာ အပေါ်ကဆိုခဲ့တဲ့ ၀ိဥာဉ်ဆိုတဲ့ အသက်နဲ့ ခန္ဓာငါးပါးထဲက ၀ိညာဏက္ခန္ဓာလို့ခေါ်တဲ့ ၀ိညာဏ်နဲ့ ဘာမှမဆိုင်ဘူး ဆိုတာကို သိထား ရပါလိမ့်မယ်။ ၀ိဥာဉ်ဆိုတာက soul လို့ခေါ်တဲ့ အသက်၊ လိပ်ပြာကိုဆိုလိုတာဖြစ်ပြီး၊ ၀ိညာဏက္ခန္ဓာက ဆင်းသက်လာတဲ့ ၀ိညာဏ်ကတော့ consciousness လို့ခေါ်တဲ့ အသိစိတ်ဖြစ်ပါတယ်။ ဒီခန္ဓာငါးပါး လည်ပတ်မှုရပ်ဆိုင်းသွားရင်တော့ လူတစ်ယောက်ဟာ သေဆုံးပြီလို့ဆိုပါတယ်။ တကယ်တော့ သေဆုံးတယ်ဆိုတာ ခန္ဓာငါးပါး လည်ပတ်မှုချုပ်ငြိမ်းသွားခြင်းပဲဖြစ်ပါတယ်။

သေဆုံးတာကို လူတွေက အသက်ထွက်သွားတယ်လို့ ပြောကြတယ်။ ဗုဒ္ဓ၀ါဒသဘောတရားအရ အသက်ဆိုတာ တကယ်မရှိတဲ့အတွက် အသက်ထွက်တယ်လို့ပြောကြတာဟာ စဉ်းစားစရာပါ။ အသက်ထွက်တယ်လို့ပြောရင် အသက် ဘယ်ကထွက်သွားတာလဲလို့ စဉ်းစားစရာဖြစ်လာပါတယ်။ မျက်စိ၊ နား၊ နှာ၊ ပါးစပ်၊ စအို ... ဒီဒွါရအပေါက်တွေထဲက ဘယ်အပေါက်ကထွက်သလဲဆိုတာ မြင်ရပါမှ အသက်ရှိတယ်ဆိုတာကို လက်ခံရပါလိမ့်မယ်။ လူတစ်ယောက်သေပြီ ဆိုရင် တချို့မျက်ဖြူလန်နေ တတ်ပါတယ်။ တချို့ကအဲဒီမျက်ဖြူလန်တာကို အသက်ထွက်ဘို့အတွက် လမ်းကြောင်းဖွင့် ပေးတယ်လို့ ယူဆကြတယ်။ အလားတူပဲ တချို့အလောင်းတွေက ပါးစပ်ဟနေတာကိုမြင်ရတော့ အဲဒီဟနေတဲ့ပါးစပ် ကနေ အသက်ထွက်သွားတယ်လို့လဲ ပြောကြတယ်။ တချို့ကျတော့လဲ နားခေါင်းပေါက်ကနေထွက် တယ်လို့ ဆိုကြပြန် တယ်။ အဲဒီလိုအမျိုးမျိုး ပြောကြဆိုကြယူဆကြပေမယ့် ဘယ်သူမှလဲ တိတိပပ မပြောနိုင်ကြပါဘူး။ လက်တွေ့မှယုံပါ တယ်ဆိုတဲ့ဆေးဘက်ဆိုင်ရာ ဆရာဝန်တွေ ပါရဂူကြီးတွေလဲ အသက်ဘယ်ကထွက်တယ်ဆိုတာ ဘယ်သူမှမပြောနိုင် ကြပါဘူး။ အဲဒါဘာကြောင့်လဲ။ ရှင်းနေပါ တယ်။ တကယ်မရှိလို့ပဲပေါ့။ ရှိတယ်ဆိုရင် ပုံပန်းသဏ္ဍာန်ကိုလည်းပြနိုင်ရမှာပေါ့။ အချွန်အတက်လေး လား၊ အလုံးလား၊ အပြားလား၊ အမျှင်လေးလား ဆိုတာ။ အရောင်ကိုလည်းပြောနိုင်ရမှာပေါ့။ ဘယ်သူမှ လဲ မပြောနိုင်ကြပါဘူး။

စောစောကပြောသလိုပါပဲ။ လူတစ်ယောက်သေဆုံးတယ်ဆိုတာ ခန္ဓာငါးပါးလည်ပတ်မှု ရပ်ဆိုင်း သွားတာကို ပြောတာပါ။ သေပြီဆိုတာနဲ့ ဘာမှမကျန်တော့ပါဘူး။ သေတာကို အဘိဓမ္မာက စုတိစိတ်ကျတယ်လို့ပြောပါတယ်။ လူတစ်ယောက် စုတိစိတ်ကျပြီးတာနဲ့ တစ်ပြိုင်နက် နောက်ဘ၀ တစ်ခုမှာ ပဋိသန္ဓေသွားယူတော့တာပါပဲ။ မိနစ်၊ စက္ကန့်ကလေးတောင် မခြားပါဘူး။ ဒါကိုပဲ ပဋ္ဌာန်းတရား တော်က အနန္တရပစ္စယော (ကာလမခြား) လို့ပြောပါတယ်။ ဘယ်အိမ်မှာမှ အဲဒီသေသူရဲ့ အသက်၊ ဒါမှ မဟုတ် လိပ်ပြာ၊ ဒါမှမဟုတ်ဝိဥာဉ်က ကျန်မနေနိုင်ပါဘူး။ အသက်၊ လိပ်ပြာ၊ ၀ိဥာဉ်ဆိုတာကြီးက တကယ်မှမရှိတာကိုး။ ဒီတော့ ရက်လည်တယ်ဆိုတဲ့ အယူအဆကလဲ ဘယ်မှန်တော့မလဲ။ ရက်လည်မှ ၀ိဥာဉ်ကထွက် သွားတယ်ဆိုတာ ဗုဒ္ဓဘာသာအယူအဆ မဟုတ်ပါဘူး။ တကယ်တော့ အတ္တ၀ါဒ ဟိန္ဒူ အယူအဆပါ။ အဲဒီဟိန္ဒူအယူအဆဟာ ဘယ်အချိန်ကတည်းက ဗုဒ္ဓဘာသာမြန်မာတွေရဲ့ အတွေး အခေါ် တွေထဲဝင်လာတယ်မသိပါဘူး။ ဖြစ်နိုင်တာက ဟိန္ဒူဝါဒဘက်ကိုယိမ်းတဲ့ တန္တရ မန္တရ မဟာ ယာနဗုဒ္ဓဘာသာ အားကောင်းခဲ့တဲ့ ပျူခေတ်ကာလ ကတည်းက အမြစ်တွယ်လာတာ ဖြစ်နိုင်ပါတယ်။ အခုအချိန်အထိ ဗုဒ္ဓဘာသာမြန်မာတွေရဲ့ အတွေးအခေါ်ထဲ သံမှိုစွဲနေအောင် ယုံကြည်နေကြဆဲပါပဲ။ အမှားကြာလို့ အမှန်ဖြစ်နေတာပါ။ တကယ်တော့ မမှန်ပါဘူး။ မမှန်သော်ငြား ဒီအစွဲကို ဖျောက်ဖျက် ဘို့လဲ မလွယ်ပါဘူး။ ဘိုးဘေးဘီဘင်လက်ထက်ကတည်းက မှားလာခဲ့တာကိုး။

No comments:

Post a Comment