Wednesday, June 6, 2012


အကျင့်ဖြစ်စေရန် အာစိဏ္ဏကံ

လူတွေရဲ့စိတ်အစဉ်ထဲမှာ ကောင်းတာဖြစ်စေ မကောင်းတာဖြစ်စေ စရိုက်ကလေးတခုတော့ရှိတတ်ပါ တယ်။ အများအား ဖြင့်တော့ အဲဒီစရိုက်ဟာ မွေးရာပါတော့မဟုတ်တတ်ပါဘူး။ အများအားဖြင့်လို့ 
ပြောရတာက အကြောင်းရှိပါတယ်။ ဘုရားလက်ထက်က အရှင်သာရိပုတ္တရာ မထေရ်မြတ်ဟာ အာသ ဝေါကုန်ခမ်းတဲ့ ရဟန္တာပုဂ္ဂိုလ်တပါး ဖြစ်သော်လဲပဲ လမ်းလျှောက်တဲ့အခါ ချိုင့်တွေတွေ့ရင် ခုန်ခုန်ပြီးကူး သွားတတ်တယ်လို့ဆိုပါ တယ်။ ဒါကိုမြတ်စွာဘုရားက အရှင်သာရိ ပုတ္တရာဟာ အတိတ်ဘ၀မျောက် ဖြစ်စဉ်တုံးက အမူအကျင့်တွေ အခုနောက်ဆုံးဘ၀ ရောက်တဲ့အထိ ပါလာတာဖြစ်လို့ ချိုင့်ဝှမ်းတွေတွေ့ ရင် ခုန်ခုန်ပြီးကူးသွားတတ်တာလို့ မိန့်တော်မူခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် လူတယောက်ရဲ့ အမူ အကျင့်ဟာ အတိတ်ဘ၀ကတည်းက ပါလာတာလဲဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

သို့ပေမယ့် အရက်စွဲခြင်း၊ ကွမ်းစွဲခြင်း၊ ဆေးလိပ်စွဲခြင်။၊ ဘိန်းစွဲခြင်းစတာတွေကတော့ ဒီဘ၀မှာပဲ ကိုယ့် ဘာသာ အကျင့်လုပ်လို့စွဲသွားကြတာတွေချည်းပါပဲ။ အရက်စွဲတဲ့လူတွေဟာ အိပ်ရာကထတာနဲ့ အရက် ကိုသတိရတော့တာပါပဲ။ အချိန်တန်ရင် အရက်ကလေးသောက်လိုက်ရမှ စိတ်ထဲကျနပ်သွားတတ်ကြ တယ်။ ဒါကြောင့် အရက်သောက်တာဟာ သူ့ရဲ့နေ့စဉ်လုပ်ငန်းတခုဖြစ်သွားပါတော့တယ်။ အဲဒီလို အလေ့အထအကျင့်ဖြစ်နေတဲ့ အလုပ်ကိုပြုလုပ်ရတာကို ဗုဒ္ဓအဘိဓမ္မာတရားတော်ထဲမှာ အာစိဏ္ဏကံ လို့ဆိုပါတယ်။ (အာစိဏ္ဏ = အကျင့်အလေ့အထ၊ ကံ = အလုပ်)။

ကွမ်းစွဲသူ၊ ဆေးလိပ်စွဲသူတွေကတော့ သူတို့အကျင့်ဖြစ်နေတဲ့ ကွမ်း၊ဆေးလိပ်တွေကို အချိန်တန်ရင်သုံး ဆောင်လိုက်ရမှ စိတ်ထဲကျေနပ်သွား ကြပါတယ်။ အချဉ်စားပြီးတော့လဲ ခံတွင်းချဉ်လို့ ဆေးလိပ် 
သောက်ရ ကွမ်းဝါးရသလို အချိုစားပြီး တော့လဲ ခံတွင်းချဉ်လို့ ဆေးလိပ်သောက်ရ ကွမ်းဝါးရတာပါပဲ။ 
ဆေးလိပ်စွဲသူအများစုကို သတိထားမိတာကတော့ မအိပ်ခင်မှာလဲ ဆေးလိပ်သောက်ရပြီး အိပ်ရာထ ပြီးစမှာလဲဆေးလိပ်သောက် ရတတ်ပါတယ်။ ဒါတွေအားလုံးက သူတို့ရဲ့ အကျင့်အလေ့အထကြောင့် ပြုလုပ်ရတဲ့ အာစိဏ္ဏကံပါပဲ။

ပွဲလမ်းသဘင်ကို မက်တဲ့လူတွေကတော့ တပတ်မှာ ဘယ်နှစ်ခါ၊ ဒါမှမဟုတ် ၂ ပတ်မှာဘယ်နှစ်ခါ စသည်အားဖြင့် အချိန်တန်ရင် ပွဲလမ်းသွားရမှ ကျေနပ်ကြပါတယ်။ မသွားလိုက်ရရင် အဲဒီအပတ်အဲဒီ လဟာ သူတို့အတွက် မပြည့်စုံသလို တခုခုလိုနေသလို ခံစားကြရတတ်ပါတယ်။ တကယ်တော့ သူတို့ လိုနေတာက ပွဲလမ်းသွားဖို့ပါပဲ။ အလောင်းအစား ၀ါသနာကြူးတဲ့ လူတွေလဲပဲ တပတ်မှာတခါ၊ တလ မှာတခါ ချဲထိုးတာတို့ ကာစီနိုကစားတာတို့ မလုပ်ရရင် သူတို့အတွက် အဲဒီအပတ် အဲဒီလဟာ တခုခု လိုနေတတ်တာပါပဲ။ မနေနိုင်မထိုင်နိုင် သွားလိုက်ရလုပ်လိုက်ရပြီ ဆိုရင် အဲဒီလိုလုပ်တာဟာ သူတို့ အလေ့အကျင့်ဖြစ်နေတဲ့အလုပ် အာစိဏ္ဏကံကို လုပ်ကြတာပဲဖြစ်ပါတယ်။

ဒါတွေက မကောင်းတဲ့နေရာမှာ အလေ့အကျင့်ဖြစ်တဲ့ မကောင်းတဲ့အာစိဏ္ဏကံဖြစ်ပါတယ်။ မကောင်းတဲ့ နေရာမှာ အဲဒီလို အလေ့အကျင့်လုပ်လို့ရတယ်ဆိုရင် ကောင်းတဲ့နေရာမှာရော အကျင့်လုပ်ထားလို့မရ နိုင်ဘူးလား။ သိပ်ရနိုင်တာပေါ့။ အမူအကျင့်ဆိုတာမွေးရာပါမဟုတ်၊ လုပ်ယူလို့ဖြစ်လာတာပဲလို့ လူတိုင်း ကလက်ခံထားကြတယ်လေ။ အဲဒီတော့ ဘုရားရှိခိုးတာအမူအကျင့်လုပ်ထားရင် အဲဒီလူဟာ နေ့တိုင်း ဘုရားရှိခိုးရမှ စိတ်ထဲကျေနပ်နိုင်ပါတယ်။ တရက်လောက် ဘုရားမရှိခိုးရရင် သူ့အတွက် အဲဒီနေ့ဟာ မပြည့်စုံဘူးလို့ ခံစားရတတ်ပါ တယ်။ ဒါကြောင့် ဘုရားရှိခိုးခြင်းဟာ သူ့အတွက် အကျင့်အလေ့အထဖြစ် နေတဲ့ အာစိဏ္ဏကံပါပဲ။ တပတ်တခါလောက် ဘုရားမသွားလိုက်ရရင်၊ ဒါမှမဟုတ် တပတ်တခါလောက်
ကျောင်းကန်မသွားလိုက်ရရင် စိတ်ထဲမပြည့်စုံတဲ့လူတွေကိုလဲ တွေ့နိုင်ပါတယ်။ ဒီတော့ ဘုရားသွား ခြင်း၊ ကျောင်းကန်သွားခြင်းတွေဟာ အဲဒီလူတွေရဲ့ အကျင့်အလေ့အထဖြစ်နေတဲ့ အာစိဏ္ဏကံပဲပေါ့။ တပတ်တခါဖြစ်စေ၊ တလတခါဖြစ်စေ သံဃာတော်များအတွက် ဆွမ်းအလှည့်ကျကုသိုလ်ယူထားသူ 
တွေဟာ အချိန်ရောက်ရင် အလိုလိုစိတ်ကသိလာပြီး အလိုလိုချက်ပြုတ်ကာ ကျောင်းကို ယူဆောင်လှူ ဒါန်းကြပါတယ်။ ဒါကလဲ သူတို့တပတ်တခါ တလတခါ ပြုလုပ်နေကျ အာစိဏ္ဏကံအလုပ်ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင်တွေအတွက် အမြဲမပြတ်ပြုလုပ်နေကျ အာစိဏ္ဏကံကုသိုလ်အလုပ်ဟာ အလွန်ပဲလိုအပ် လှပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတိုင်းမဖြစ်မနေကြုံတွေ့ရမယ့် သေခြင်းတရားနဲ့ဆက်စပ်နေလို့ပါ ပဲ။ ဗုဒ္ဓဘာသာဝင်တွေဟာ ရောဂါဝေဒနာခံစားရလို့ သေခါနီးဆဲဆဲရောက်တော့မယ်ဆိုရင် သားသမီး 
ဆွေမျိုးမိတ်သင်္ဂဟတွေက ကိုယ်လုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေကို ပြန်ပြီးအာရုံပြုဘို့ သတိပေးတတ် ကြပါတယ်။ အဲဒီလိုအာရုံပြုနိုင်ဘို့အတွက် အမြဲတမ်း ပြုလုပ်နေကျ အကျင့်ဖြစ်နေတဲ့ ကောင်းမှုအလုပ် ကလေးတွေရှိကြရပါမယ်။ နေ့စဉ်နေ့တိုင်းဘုရား ရှိခိုး တဲ့အလုပ်၊ တပတ်တခါ၊ တလတခါကျောင်းကန် သွားပြီး ဆွမ်းအလှူလှူဒါန်းခြင်းအလုပ်တွေ အမြဲမပြတ်လုပ်ကြမယ်ဆိုရင် အဲဒီအာစိဏ္ဏကံ ကုသိုလ် 
တွေဟာ သေခါနီးကာလ အမှတ်ရဘို့အတွက် အာရုံကောင်းတွေပဲဖြစ်ပါတယ်။ ဒီအာရုံကောင်းတွေဟာ အဲဒီလူကို ကောင်းရာဘုံဘ၀ကိုရောက်ရှိအောင် စွမ်းဆောင်ပေးကြပါလိမ့်မယ်။

လူတယောက်ဟာ မကောင်းမှုဒုစရိုက်တွေနဲ့ ပျော်ပါးပြီး အဲဒါတွေကိုပဲအမြဲမပြတ်လုပ်ဆောင်နေမယ်ဆို ရင် သူသေခါနီး သူ့ရဲ့အမြင်အာရုံထဲမှာ သူလုပ်ခဲ့တဲ့ မကောင်းမှုပဲမြင်လာမှာဖြစ်ပါတယ်။ အဲဒီမကောင်း တဲ့အမြင်အာရုံတွေဟာ သူသေရင် သူ့ကို ယုတ်ညံ့နိမ့်ကျတဲ့ ဘုံဘ၀ကိုဆွဲခေါ်သွားမှာဖြစ်ပါတယ်။
ဘုရားလက်ထက်တုံးက စုန္ဒလို့ခေါ်တဲ့လူတယောက် လူမှန်းသိတတ်တဲ့အရွယ်ကစပြီး အသက် ၅၀ အရွယ်အထိ ၀က်သတ်ခြင်းအလုပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုလာခဲ့ပြီး သေခါနီးကာလမှာ သူနေ့စဉ် လုပ်လာတဲ့အလုပ်ထဲက ၀က်တွေရဲ့အော်ဟစ်သံတွေကို သူ့အာရုံထဲမှာမြင်လာ ကြားလာတယ်။ ဒါနဲ့ သူဟာ (၇) ရက်တိတိဝက်လိုပဲ လေးဘက်ထောက်ပြီး အော်ဟစ်ညည်းတွားလိုက်ရတာ နောက်ဆုံး 
တော့ အပါယ်ကိုရောက်သွားရတာပါပဲ။ အဲဒါက ဘာကြောင့်လဲဆိုတော့ သူအကျင့်ဖြစ်နေတဲ့ သူ့ရဲ့ အာစိဏ္ဏကံအလုပ်က မကောင်းမှုဒုစရိုက်အလုပ်ဖြစ်လို့ပါပဲ။

ဘုရားသော်မှရှောင်လွှဲလို့မရနိုင်တဲ့ သေခြင်းတရားကို လူတိုင်းလူတိုင်း ကြုံတွေ့ကြရမှာဖြစ်လို့ အဲဒီ လိုကြုံတွေ့ရတဲ့အခါမှာကောင်းသောအမြင် အာရုံတွေ မြင်စေဘို့ ကောင်းတဲ့အလုပ်ကို လုပ်တဲ့အကျင့်ရှိ ကြရပါမယ်။ ကောင်းတဲ့အာစိဏ္ဏကံရှိကြရပါမယ်။ အဲဒီအတွက် ကောင်းတဲ့အလုပ်ဖြစ် တဲ့ နေ့စဉ်ဘုရား ရှိခိုးခြင်း၊ ကျောင်းကန်ဘုရားသွားခြင်း၊ အပတ်စဉ်ဖြစ်စေ လစဉ်ဖြစ်စေ ဆွမ်းအလှည့်ယူကာ ကုသိုလ်ပြု ခြင်းဖြင့် ကောင်းတဲ့ အာစိဏ္ဏကံအလုပ်ကို လုပ်ဆောင်နိုင်ကြပါစေ။

No comments:

Post a Comment