Tuesday, June 5, 2012



ဘာသာရေးနှင့်ပရဟိတစိတ်ဓာတ်
လူတို့သည် များသောအားဖြင့် တစ်နေ့တစ်နေ့ နံနက်အိပ်ရာထချိန်မှ ညအိပ်ရာ ၀င်သည့်အချိန်အထိ စီးပွားရေး၊ ကြီးပွားရေးနှင့် အစားအသောက်အပျော်အပါး တို့ဖြင့်သာ အချိန်ကုန်လေ့ရှိကြသည်။ လူတို့၏တစ်နေ့တာ အချိန်ဇယားကိုကြည့် လျှင် ယနေ့ဘာဝယ်ရမည်၊ ဘယ်သွားရမည်၊ ဘယ်သူနဲ့တွေ့ရမည်၊ ဘာအကြောင်း ဆွေးနွေးမည်၊ အောင်မြင်ကြီးပွားရေးအတွက် ဘာတွေလုပ် ကြမည်၊ ဘာတွေစား သောက်မည်စသည့်စသည့် လောကီရေးရာ ကိစ္စများဖြင့်သာ အချိန်ကုန် လေ့ရှိ သည်ကို တွေ့ရပေသည်။



တကယ်တော့ ဤအရေးအရာ ကိစ္စများသည် လူ့ဘ၀အတွက် အမှန်တကယ် အနှစ် သာရရှိသည့် အရေးအရာများတော့ မဟုတ်ပေ။ အကြောင်းမူ ထိုအရေးအရာများမှာ မိမိသေဆုံးသွားသည့်အခါ မိမိနောက်ပါသွားမည့် အရာများမဟုတ်သောကြောင့်ပင်။ တစ်နေ့တစ်နေ့ရုန်းကန်လှုပ်ရှား၍ စုဆောင်းရရှိလာသော ရွှေငွေကျောက်သံပတ္တမြား စည်းစိမ်ဥစ္စာများ၊ အိမ်ခြံမြေများ၊ အ၀တ်အစားများ၊ နောက်ဆုံးမိမိတို့ အလွန်တရာချစ်ခင်နှစ်သက်ရပါသော ဇနီးခင်ပွန်းသားသမီးများ၊ အားလုံးအားလုံး တို့သည် မိမိတို့သေဆုံးသည့်အခါ ကိုယ့်နောက်ကို တစ်ခုတစ်လေ တစ်စုံတစ်ဦးရယ်မှ လိုက်ပါသွား ကြမည်မဟုတ်ပါ။

 သို့ဆိုလျှင် လူ့ဘ၀အတွက် အမှန်တကယ် အနှစ်သာရရှိသည့်အရာများကား ဘာတွေနည်း။

ရှင်းပါ သည်။ သေလျှင် ကိုယ်နောက်ပါသွားနိုင်မည့် အလုပ်များကိုပြုလုပ်ခြင်း သည်သာလျှင် ဘ၀၏ အနှစ်သာရ ဖြစ်ပေသည်။ ဒါန၊ သီလ၊ ဘာဝနာကိုအခြေခံ သော ကုသိုလ်ကောင်းမှုများကို ပြု လုပ်ခြင်း၊ မရှိဆင်းရဲသားတို့အား ထောက်ပံ့ ပေးကမ်းခြင်း၊ ဖျားနာမကျန်းဖြစ်သူတို့ အားဖေးမခြင်း၊ ဒုက္ခရောက် 
နေသူတို့အား ကယ်တင်ခြင်း၊ ငွေကြေးမပြည့်စုံသဖြင့် ပညာမသင်ကြားနိုင်သူတို့အား ငွေကြေးဖြင့် ကူညီခြင်းတည်းဟူသော ပရဟိတခေါ် အများအကျိုးဆောင် လုပ်ငန်းများကိုပြုလုပ် ခြင်းတို့သည် ဘ၀အတွက် အနှစ်သာရ ရှိသော လုပ်ငန်းများပင်ဖြစ်ပေသည်။



ဤလုပ်ငန်းတို့ကိုမပြုလုပ်လိုသော လူအချို့ တို့သည် ဆင်ခြေဆင်လက်သဘော မျိုးဖြင့် စိတ်ကောင်း ထားရင်ပြီးတာပဲဟုဆိုကာ အဆိုပါလုပ်ငန်းတို့မှ ခပ်ကင်းကင်း နေလျက် အပျော်အပါးတို့ဖြင့်သာ မွေ့လျော်ကြလေသည်။ ဤပုဂ္ဂိုလ်တို့သည် အချိန် တန်၍သေခြင်းတရားနှင့် ဆုံရသည့်အခါ စိတ် မကောင်းဖြစ်ခြင်း နောင်တတရားများ ဖြင့် တွေတွေဝေေ၀ သေရတတ်သည်။ ငါကုသိုလ်ကောင်းမှု တစ်ခုမှ မလုပ်ခဲ့ရပါ လား၊ ငါအများအကျိုးကို တစ်ခုမှမလုပ်ခဲ့ရပါလားဟူ၍ နောင်တတရားတို့ဖြင့် 
သေရတတ်လေသည်။ စိတ်မကောင်းခြင်း၊ နောင်တရခြင်းများဖြင့် သေသူသည် ကောင်းရာဘုံဘ၀ သို့ရောက်ရှိမည်မဟုတ်ပေ။



စိတ်ကောင်းထားရင် ပြီးတာပဲဟု ညဆင်ခြေပေးသူများအတွက် အနည်းငယ် စကားပြောချင်သည်။ စိတ်ကောင်းထားခြင်းသည် လူတိုင်းအတွက် မရှိဖြစ် လိုအပ်သည်မှာမှန်၏။ သို့သော် ဤမျှနှင့်မလုံ လောက်သေးပါ။ ဤမျှနှင့် ဘ၀ အတွက် အနှစ်သာရပြည့်ပြီဟု မဆိုနိုင်သေးပါ။လောက၌ပညာတတ်ပြီး ဥစ္စာမွဲသူ တို့ကို အများအပြားတွေ့နိုင်သည်။ ထိုသူတို့သည် စိတ်ကောင်း လည်းရှိကြသည်။ သို့သော် ဘာကြောင့် ပညာတတ်ပြီး ကုန်းကောက်စရာမရှိအောင် မွဲကြသနည်း။ အဖြေမှာ ရှေးဘ၀က ဒါနမျိုးစေ့ နည်းခဲသော့ကြောင့်ပင်ဖြစ်သည်။ တစ်ဖန် အချို့ သောလူတို့မှာ ပညာလည်းတတ်၊ ဥစ္စာလည်းပေါ၊ ရုပ်ရည်လည်းချောမောလှပ ကြပါ၏။ သို့သော် ငယ်စဉ်ကပင် ကျန်းမာ ရေးချို့တဲ့ကြရုံမက တချို့မှာ အသက် အရွယ် ငယ်ငယ်ရွယ်ရွယ်ဖြင့် ဆုံးပါးသွားကြသည်။ ဘာ့ကြောင့်နည်း။ ထိုသူ တို့သည် ရှေး ဘ၀က သီလမျိုးစေ့ နည်းခဲသော့ကြောင့်ဖြစ်သည်။

တချို့သော လူတို့သည်ကား ပညာသင်သည့်အခါ ရှေ့ကသင်လိုက်နောက်ကမေ့ လိုက်ဖြင့် ဘယ်လိုမှ သင်မရနိုင်သောလူတို့ကိုလည်းတွေ့မြင်ရဘူးလေသည်။ ယင်းမှာ ဘာဝနာမျိုးစေ့နည်းခြင်းကြောင့် ဖြစ်ရလေသည်။

 ထို့ကြောင့် လူသည် စိတ်ကောင်းထားရုံနှင့် မလုံလောက်။ လူကြားသူကြားထဲ လူလိုသူလိုနေနိုင်အောင် လူတန်းစေနေ့နိုင်အောင်၊ လူ့ငမွဲမဖြစ်ရလေအောင် ဒါနမျိုးစေ့ကိုလဲပျိုး ထားရသည်။ ဖြစ်လေရာဘ၀မှာ ကျန်းကျန်းမာမာအသက်ရှည်ရှည် နေနိုင်အောင် သီလမျိုးစေ့ကို လည်း ပျိုးထားရသည်။ တတ်သင့်တတ်ထိုက်သည့် အတတ်ပညာများကို အလွယ် တကူသင်ကြား နိုင်အောင် သိဥာဏ်တိုးပွား ပညာများကြောင်း ဘာဝနာမျိုးစေ့ကို လည်း ပျိုးထားရပေသည်။



ဤနေရာ၌ ရှေးဘ၀ဟူသောစကားကို အနည်းငယ်ရှင်းရပေဦးမည်။ ဤဆောင်းပါးသည် ဗုဒ္ဓဘာသာ ရဟန်းတစ်ပါးက ဗုဒ္ဓဘာသာအမြင်ရှုထောင့်မှ ရေးသားထား ခြင်းဖြစ်၍ ဗုဒ္ဓတရားတော်နှင့် အညီ ရှေး ဘ၀ဟူ၍ သုံးနှုန်းရခြင်းဖြစ်သည်။ ရှေးဘ၀သည်လည်းကောင်း၊ နောက်ဘ၀သည်လည်းကောင်း တကယ်ရှိပါရဲ့လား ဟု ဗုဒ္ဓဘာသာဝင်မဟုတ်သူတို့က မေးမြန်းနိုင်ပါသည်။

 လူသားတို့ ယနေ့အသက် ရှင်နေခြင်းသည် ယနေ့အတွက်တစ်ခုတည်းမဟုတ်သည်ကို သတိပြုသင့်ကြသည်။ ကျွနု်ပ်တို့အတွက် မနက်ဖြန်ပေါင်းများစွာရှိစောင့်ကြိုလျက်ရှိသည်။ သို့ဖြစ်ရာ မနက် ဖြန်ပေါင်းများစွာ၌ ပြည့်စုံလုံလောက် စွာ နေထိုင်စားသောက်နိုင်ရေးအတွက် ယနေ့ကတည်းက မိမိတို့စုဆောင်း ထားရှိရမည်။ မနက်ဖြန် 
ပေါင်းများစွာ၌ ကျန်းမာပျော် ရွှင်စွာ နေထိုင်နိုင်ရေးအတွက် ယနေ့မိမိတို့ ဆင်ခြင်သတိတရားဖြင့် နေထိုင်သင့် ကြသည်။ တနည်းဆိုရလျှင် အနာဂတ်လှပကောင်းမွန်ဘို့ အတွက် ပစ္စုပ္ပန်၌ပြင်ဆင် ထားရှိရမည်။

နောက်ဘ၀ဟူသောအယူအဆသည်လည်း ဤသဘော တရားအတိုင်းပင်ဖြစ် သည်။ ယနေ့မိမိတို့ အသက်ရှင်နေခြင်းသည် ဤဘ၀တစ်ခုတည်းအတွက် မဟုတ်၊ နောက်ဘ၀ပေါင်း မြောက်များစွာရှိ 
သေးသည်။  နောက်ဘ၀၌ သာယာလှပဘို့အ တွက် ဤဘ၀တွင် ပြင်ဆင်ထားကြရသည်။ သို့မှသာ ဤဘ၀မှသေပြီးသည့်နောက် မြင့်မြတ်သောဘ၀ကိုရရှိပြီး အဆင့်အတန်းရှိရှိ လူတန်းစေ့ ကျန်းကျန်း မာမာ အသက်ရှည်ရှည် နေထိုင်သွားနိုင်သည့် ဘ၀ကို ရရှိပိုင်ဆိုင်ကြမည်ဖြစ်ပေသည်။



ဤသို့ဖြစ်ဘို့အတွက် ဘယ်လိုပြင်ဆင်ထားရမည်နည်း။ အထက်မှာဆိုခဲ့သည့်အတိုင်း သွားမယ် လာမယ် စားမယ်သောက်မယ် ပျော်ပါးမယ်ဟူသော အလုပ်တို့ဖြင့်သာ မွေ့လျော်မနေဘဲ လူ့ဘ၀ အတွက်တကယ်အနှစ်သာရရှိမည့် ဘာသာတရားလေ့လာလိုက်စားမှုတို့ကိုလည်း ကြုံလျှင်ကြုံသလို ပြုလုပ်ကြရပေမည်။ ဘာသာတရားလေ့လာလိုက်စားခြင်းကို တမင်တကာအချိန်ပေး၍ ပြုလုပ်မှသာ လျှင် ပြုလုပ်ဖြစ်ကြပေမည်။အလုပ်လုပ်နေရလို့ မအားပါဘူး၊ အိမ်အလုပ်တွေနဲ့ ရှုပ်နေလို့ မလုပ်နိုင် 
သေးပါဘူး၊ ကလေးတွေအလုပ် လိုက်လုပ်ေပးနေရလို့ မလုပ်ဖြစ်သေး ပါဘူးဟု အကြောင်းအမျိုးမျိုး ပြနေကြလျှင် ဘာသာတရားကို လေ့လာလိုက်စား ဖြစ်တော့မှာ မဟုတ်ပေ။ အများအကျိုးဆောင် ပရဟိတလုပ်ငန်းများကိုလည်း လုပ် ဖြစ်ကြတော့မည် မဟုတ်ပေ။



ဃရာဝါသ သမ္ဗာဓ- ကိစ္စများမြောင် လူတို့ဘောင်ဟူသောဆိုစကားအတိုင်း လူ့ဘောင် မှာနေမှတော့ မိသားစုကိစ္စ၊ စီးပွားရေး ကြီး ပွားရေးကိစ္စတို့ကို လူတိုင်းလူတိုင်းရှောင်လွှဲ၍မရပါ။ လူတိုင်းလူတိုင်း လုပ်ကြရမည်။ သေသည်အထိ လုပ်ကြရမည်။ ဤသို့လုပ်နေကြသည့်ကြားမှပင် အားလပ်ချိန်ကို တမင်တကာဖန်တီး၍ ဘုရားကျောင်းကန်များသို့သွားရောက်ကာ ဒါန၊ သီလ၊ ဘာဝနာလုပ်ငန်းတို့ကို ကြုံလျှင်ကြုံသလိုပြုလုပ်ကြရပေမည်။ အများအကျိုးဆောင် ပရဟိတလုပ်ငန်းများကို အခါအခွင့်သင့် သလို ပြုလုပ်ကြရပေမည်။ သို့မှသာ မိမိတို့ရရှိထားသော လူ့ဘ၀သည် အနှစ်သာရရှိပြီး အဘိုးအနဂ္ဃ ထိုက်တန်မည်ဖြစ် ပေသည်။



ထို့ကြောင့် လူသားတို့အနေဖြင့် အပျော်အပါး၌သာ အချိန်မကုန်စေသင့်ပါ။ စိတ်ကောင်းထား နိုင်ရုံနှင့် တင်းတိမ်မနေသင့်ကြပါ။ လူ့ဘ၀အတွက် အနှစ် သာရဖြစ်သည့် ဘာသာရေးလုပ်ငန်း ဖြစ်သော ဒါနမှု၊ သီလမှု၊ ဘာဝနာမှုတို့ကို အချိန်ရလျှင်ရသလို ပြုလုပ်သင့်ကြသည်။ အများအကျိုးဆောင် ပရဟိတ အလုပ် များကို ပြုလုပ်သင့်ကြသည်။ ဘာသာရေးလုပ်ငန်းနှင့် ပရဟိတလုပ်ငန်းတို့သည် စိတ်ကောင်း မရှိဘဲနှင့် လုပ်နိုင်သောအရာများမဟုတ်သောကြောင့် ဤအလုပ်တို့ကို လုပ်ခြင်းဖြင့် အလိုလိုစိတ် 
ကောင်းရှိနှင့်ပြီးဖြစ်ပေသည်။

No comments:

Post a Comment