Wednesday, June 6, 2012


အသုဘအိမ်ကဖဲဝိုင်း
ဒီဆောင်းပါးကတော့ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှားလျက်နဲ့အမှန်ဖြစ်နေတဲ့ ဖြစ်ရပ်များထဲမှ နောက် ထပ်ဖြစ် ရပ်တခုအကြောင်းပါ။ ဒီဖြစ်ရပ်ကတော့ မှားနေတဲ့အပြင် အတော်ကို ကပေါက်တိကပေါက် ချာနိုင်လွန်းလှပါတယ်။ မြန်မာပြည် တောရောမြို့ပါမကျန် နေရာတိုင်းလိုလိုမှာ ဖြစ်ပျက်နေတာပါ။

လူတယောက်သေပြီဟေ့ဆိုတာနဲ့ ရက်မလည်ခင်နေ့အထိ အဲဒီအိမ်မှာ တညလုံးဖဲထိုင်ရိုက်ကြပါတယ်။ သေသူ ရဲ့ဝိညာဉ်ဟာ ရက်မလည်ခင်အချိန်အထိ အဲဒီအိမ်ကမထွက်ဘဲ တ၀ဲလည်လည်ဖြစ်နေတတ်လို့ အဲဒီဝိညာဉ်က လာခြောက်မှာစိုးတာကြောင့် လူအင်အားပြတဲ့အနေနဲ့ ဖဲထိုင်ရိုက်ကြတယ်ဆိုပဲ။ ဒီအယူ အဆဟာ တကယ်ပဲမှန်သလား ဆန်းစစ်ကြည့်ရအောင်ပါ။

ဝိညာဉ်ကိုလိပ်ပြာလို့လဲ ခေါ်ကြပါတယ်။ ၀ိညာဉ် လို့ပဲခေါ်ခေါ် လိပ်ပြာလို့ပဲခေါ်ခေါ် ဒီအရာကြီးက လူ့ ကိုယ်ထဲမှာရှိမရှိကိုတော့ "အမှားကြာလို့မှန်နေတဲ့အရာများ" ဆောင်းပါးထဲမှာ ဖတ်နိုင်ကြပါတယ်။ အခုပြောမှာကတော့ အဲဒီအရာကြီးက လူတယောက်သေပြီးတဲ့နောက်မှာ ရက်မလည်ခင် အိမ်မှာ တ၀ဲလည် လည်ဖြစ် မဖြစ်ဆိုတာကို ဆွေးနွေးမှာပါ။

ဗုဒ္ဓရဲ့အဘိဓမ္မာတရားတော်အရ လူတယောက်သေပြီဆိုရင် ရုပ်လို့ခေါ်တဲ့ကိုယ်ကာယနဲ့ နာမ်လို့ခေါ်တဲ့ စိတ် (ရုပ်နဲ့နာမ်) နှစ်ခုလုံးဟာ ပြိုင်နက်တည်းချုပ်ငြိမ်းသွားတယ်လို့ဆိုပါတယ်။ သေတာကို အဘိဓမ္မာ အသုံးအနှုံး အတိုင်းပြောရရင် စုတိစိတ်ကျတယ်ပြောပါတယ်။ စုတိစိတ်ကျပြီးတာနဲ့ ပဋိသန္ဓေစိတ် ချက် ချင်းဖြစ်တာပါ။ ဆိုလိုတာက လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ ဒီဘ၀ကသေ ပြီးတာနဲ့ နောက်ဘ၀အသစ် တခုမှာ ပဋိသန္ဓေချက်ချင်း ဖြစ်တည်တော့တာပါပဲ။ စက္ကန့် မိနစ်တောင် မခြားဘူးလို့ဆိုပါတယ်။ ဒါကိုပဲ ပဋ္ဌာန်းတရားတော်က အနန္တ ရပစ္စယေနပစ္စယော လို့ပြောတာပါ။ အနန္တရရဲ့အဓိပ္ပါယ်ကတော့ အချိန် ကာလမခြားဘူးလို့ဆိုလိုပါ တယ်။ ဒီတော့ လူတယောက်သေပြီး ရင် သူ့ရဲ့ဝိညာဉ်ဟာ ရက်မလည် ခင်အချိန်အထိ မလွတ်မကျွတ်သေး ဘဲ အိမ်မှာတ၀ဲလည်လည်ဖြစ်နေတယ် ဆိုတဲ့အယူအဆဟာ မမှန်တော့ပါဘူး။

ဒါပေမယ့် ဒီမမှန်တဲ့အယူအဆဟာ မြန်မာ့လူမှုပတ်ဝန်းကျင်မှာ ဘာကြောင့်အရိုးစွဲနေရတာလဲ။ ဘယ် ကစလာတာလဲ။ တကယ်တော့ ၀ိညာဉ်အယူအဆနဲ့ သေပြီးတဲ့နောက် သေသူရဲ့ဝိညာဉ်ဟာ ရက်မ လည်ခင် အချိန်အထိ အိမ်မှာတ၀ဲလည်လည်ဖြစ်နေတယ်ဆိုတဲ့အယူအဆဟာ ဗုဒ္ဓဘာသာအယူအဆ မဟုတ်ပါဘူး။ ဟိန္ဒူဘာသာရဲ့ အယူအဆပါ။ အနော်ရထာမတိုင်ခင် အရည်းကြီးတွေလက်ထက်က တည်းက ဖြစ်တည်လာခဲ့တာဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အရည်းကြီးတွေဟာ ဟိန္ဒူအယူ ကိုယူကြတာကြောင့် ဖြစ်ပါ တယ်။ ဒီအယူအဆဟာ မမှန်ဘူးဆိုတာကိုလည်း နားလည်တဲံ့ ဆရာတော်သံဃာတော်တွေက မဟောမဟုတ် ဟောကြပြောကြပါတယ်။ ဒါပေမယ့်ဘာကြောင့် အခုထိ အရိုးစွဲနေရတယ်ဆိုတာ မပြောတတ်အောင်ပါပဲ။ ဖြစ်နိုင်ခြေရှိတာကတော့ လူတွေရဲ့ပင်ကိုဗီဇအရ
ကောင်းမှုမှာထက် မကောင်းမှု မှာမွေ့လျော်ကြတာကြောင့် ဖဲဝိုင်းအရက်ဝိုင်းဆိုရင် လူစည်တတ်တာ ဓမ္မတာဖြစ်နေတာကြောင့်ထင်ပါ တယ်။

တကယ်တော့ ရက်လည် ဆွမ်းကျွေးတယ်ဆိုတာ သေသူကမကောင်းတဲ့ဘုံဘ၀မှာရောက်နေလို့ အမျှ အတန်း လိုချင်ရင်ရနိုင်ပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကုသိုလ်ပြုအမျှဝေတာပါ။ အရက်ဝိုင်းဖဲဝိုင်းတွေနဲ့ မကောင်းမှု ဒုစရိုက်လုပ်နေကြတော့ သေသွား တဲ့လူက ဘယ်လိုလုပ်ပြီး သာဓုခေါ်ရမှာလဲဆိုတာ စဉ်းစား သင့်ကြပါတယ်။ တချို့ဆို အဲဒီဖဲဝိုင်းအရက်ဝိုင်းထဲမှာ ငြင်းခုံရန်ဖြစ်ပြီးတော့ရိုက်မှု၊ ဓားထိုးမှုတွေ ပါဖြစ်ကြ တဲ့ဖြစ်ရပ်တွေ အများကြီးမြင်ရကြားရပါတယ်။ အဲဒီအခါမှာ ဟိုအလောင်းကဖြင့် ရက်မလည်သေးဘူး။ 
နောက်အလောင်းတခုထပ်တိုးလာပြန်ပါတယ်။ ဒီလိုအဖြစ်တွေဖြစ်နေမှတော့ အသုဘအိမ်မှာ ဖဲဝိုင်း ဆိုတာရှိသင့်ပါသေးရဲ့လားဆိုတာ စဉ်းစားဝေဖန်သင့်ကြပါတယ်။ ဒီအတွက်ကြောင့်ပဲ ကပေါက်တိကပေါက် ချာနိုင်လွန်းလှတယ်လို့ အပေါ်မှာပြောခဲ့တာပါ။

မလွတ်မကျွတ်တဲ့ဘ၀ကို ရောက်သွားသူတွေဟာ အစာရေစာအတွက် ညည်းညူညူနဲ့ လာရောက်
တောင်းစား ကြတဲ့ဖြစ်ရပ်တော့ရှိပါတယ်။ စာပေမှာတော့ ပြိတ္တာလို့ဆိုပါတယ်။ ဒါပေမယ့် ဒါဟာလာ
ခြောက်တာ မဟုတ်ဘူး၊ သူတို့ကိုယ်တိုင်က လူတွေကိုကြောက်တဲ့ သဘောရှိတဲ့အတွက် မခြောက် နိုင်ကြပါဘူး။ လာတောင်းစားခြင်းသာ ဖြစ်ပါတယ်။ အဲဒီအခါ ကိုယ့်ရှိတဲ့အစားအစာ၊ ဒါမှမဟုတ်စား ကြွင်းစားကျန်တွေကို ချကျွေးလိုက်ရင် သူ့ဟာသူ ပျောက်သွားပါလိမ့်မယ်။ တချို့ကျတော့လဲ အဲဒီဘ၀က လွတ်မြောက်ဘို့အတွက် ဆွေမျိုးသားချင်းမိတ်ဆွေတွေကို အမျှအတန်းပေးဘို့အတွက် လာရောက် 
တောင်းပန်ကြတာလဲဖြစ်တတ်ပါတယ်။ ဒါကိုပဲ လူတွေက စိတ်ထဲမှာကြောက်ပြီး လာခြောက်တယ် ဆိုတာဖြစ်သွား တာပါ။ အဲဒီလာခြောက်တယ်လို့ ပြောတဲ့လူကိုယ်တိုင်က မျက်မြင်တပ်အပ်မြင်ရလို့
ပြောတာမဟုတ်ပါဘူး။ သူ့စိတ်ထဲမှာ မြင်သွားတာကိုပြောတာပါ။ မင်းတကယ်မြင်သလား မေးကြည့်
တော့လဲ ဟိုလူပြောတာပဲလို့ သူများကိုလွှဲချတတ်ပြန်ပါတယ်။ အဲဒီလူကိုသွားမေးပြန်တော့လဲ ငါ့စိတ် ထဲမြင်လိုက်တာပဲ ဆိုတတ်ပြန်ပါ တယ်။ت

ဒါနဲ့ပတ်သက် ပြီး ငယ်ငယ်တုံးက ရယ်စရာတခုကိုသတိရလို့ ဖောက်သည်ချလိုက်ပါဦးမယ်။ စာရေးသူတို့ ငယ်စဉ်ကိုရင်ဘ၀ရွာကျောင်းမှာ နေတုံးကဖြစ်ပါတယ်။ ကျောင်းရဲ့အရှေ့ ဘက်မှာသုသာန်ရှိပါတယ်။ တရွာလုံးကသေတဲ့ လူသေအလောင်းကို အဲဒီသုသာန်မှာပဲ လာမြှုပ်တာပါ။ လူတွေကတော့ညည အချိန် သရဲတစ္ဆေရှိတယ်လို့ပြောတာပဲ။ စာရေးသူကတော့ တခါမှမမြင်ဖူးပါဘူး။ တခါမှလဲ အခြောက်မခံရဖူးဘူး။ တညတော့ ကိုရင်အချင်းချင်း တပါးနဲ့တပါးနောက်ရင်းပြောင်ရင်းနဲ့ အလောင်း အစားလုပ်ကြတယ်။ ညသန်းကောင်အချိန် သုသာန်ကို ဘယ်သူသွားရဲသလဲပေါ့။ အဲဒီတုံးက ပဲကြီးလှော်တပိဿာကြေး လောင်း ကြတယ်။

စာရေးသူတို့နဲအတူနေ သီတင်းသုံးဖော် ကရင်ကိုရင်လေးတပါးက သူသွားမယ်ပြောတယ်။ တကယ်
တော့ သူကပဲကြီးလှော်တပိဿာလိုချင်လို့ပါ။ သွားမယ်လို့သာပြောတယ်၊ သူ့စိတ်ကတော့ခပ်ကြောက် ကြောက်ပါ။ လောင်းတဲ့ကိုရင်ကတော့ သွားပြီးရင်မနက်ဖြန်သွားကြည့်ဖို့ သက်သေအနေနဲ့ သစ်သား ချောင်း တချောင်းကို သုသာန်မှာ သပ်ရိုက်ခဲ့ရမယ်ဆိုပြီးလောင်းကြပါတယ်။ ဒါနဲ့ကရင်ကိုရင်လေးကလဲ အဲဒီသစ် သားချောင်းကိုယူပြီး ကြောက်ကြောက်နဲ့ သွားပါတော့တယ်။ သိပ်မကြာလိုက်ဘူး ကျောင်း ထဲကို အမောတကောပြေးလာတာ ဧကသီကပါမလာဘူး။ လူကလဲချွေးတွေပြန်လို့။ မျက်လုံးမျက်ဆန် ကလဲပြူးလို့။ သူ အတော်ကြောက်လာတဲ့ပုံပဲ။ ဘာဖြစ်သလဲလို့ ၀ိုင်းမေးကြည့်တော့ အချိန်အတော်ကြာ အနားယူပြီးမှ သူပြောရှာတယ်။ သူသပ်ရိုက်နေတဲ့ အချိန်မှာ သရဲကသူ့ဧကသီကိုဆွဲထားလို့ ဧကသီ ချွတ်ပြီးအသက်လုပြန်ပြေးလာရတယ်လို့ ငိုယိုပြီးဆိုပါတယ်။ နောက်နေ့မနက် သူသပ်ရိုက်ခဲ့တဲ့နေရာကို သွားကြည့်တော့မှ အဖြေပေါ်တော့တယ်။ သူကြောက်ကြောက်နဲ့ အလောတကော သပ်ရိုက်ခဲ့တာ သူ့ ဧကသီစကိုပါရိုက်ထားတာကိုး။ ဒီတော့မှသူ့အဖြစ်က ငိုအားထက်ရယ်အားသန်ဖြစ်ပြီး သူ့ကိုဝိုင်းဟား ကြတော့တာပါပဲ။ ဘာပဲဖြစ် ت ဖြစ် သူကတော့အမှန်တကယ် သုသာန်ကိုသွားပြီး သက်သေအနေနဲ့ သပ်ကိုပါရိုက်လိုက်နိုင်ခဲ့တာကြောင့် ပဲကြီးလှော်တပိဿာတော့ သူရသွားပါတယ်။

ဆိုလိုတာက သရဲခြောက်တယ်ဆိုတာ စိတ်ကခြောက်တာပါ။ သရဲတို့ နာနာဘာဝတို့က မရှိတာတော့ မဟုတ်ဘူး။ ရှိပါတယ်။ ရှိတာကြောင့်မို့လို့လဲ မေတ္တသုတ်ပရိတ်တော် ဖြစ်ပေါ်လာရတာပါ။ ဒါပေမယ့် သူတို့ရဲ့နေရာကို မနှောင့်ယှက်ရင် သူတို့ဘာမှ မလုပ်ကြပါဘူး။
မေတ္တသုတ်မှာပါတဲ့ဇာတ်လမ်းကတော့ တောကြီးတခုမှာ ရဟန်းတော်တွေ တရားအားထုတ်ကြတော့ အဲဒီ ရဟန်းတော်တွေရဲ့ သီလသမာဓိပညာအရှိန်အ၀ါကြောင့် အဲဒီတောထဲ ကျင်လည်ကျက်စားကြတဲ့ နာနာ ဘာဝတွေ သူတို့ရဲ့နေရာမှာ မနေနိုင်ဖြစ်မှာ စိုးတာကြောင့် ရဟန်းတော်တွေ တောထဲမနေနိုင်အောင် အသံသေးအသံ ကြောင်ပြုပြီး နှောင့်ယှက်ကြပါတယ်။ဒီအကြောင်းကို မြတ်စွာဘုရားကိုလျှောက်ပြ တော့ မြတ်စွာ ဘုရားက မေတ္တသုတ်တရားတော်ကို ရွတ်ဖတ်ကြပါလို့ မိန့်တော်မူပါတယ်။ တကယ်တော့ မေတ္တသုတ်ဟာ သတ္တ၀ါတွေကို မေတ္တာပို့သတာပါ။

မူလဆွေးနွေးခဲ့တဲ့ အကြောင်းကို အစပြန်ကောက်ရရင် အသုဘအိမ်ကဖဲဝိုင်းဟာ တကယ်တော့ သူတို့ပြောသလိုသေသူရဲ့ဝိညာဉ်လာခြောက်မှာစိုးလို့မဟုတ်ပါဘူး။ ဖဲသမားတွေက ဖဲရိုက်ချင်လို့ အကြောင်းပြကြ တာပါ။






No comments:

Post a Comment